ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ISPE FC အမျိုးသမီး ဘောလုံးအသင်းအားထပ်ဆင့်မှာကြား
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်များအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံကွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ ISPE FC အမျိုးသမီးဘောလုံးအသင်းအား တွေ့ဆုံမှာကြားရာတွင် အောင်မြင်မှုအခြေခံ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းအား၊ စည်းလုံးမှု၊ စံချိန်၊ စံညွှန်း၊ စံနှုန်း “ စ” ခုနှစ်လုံးဆောင်ရန် ကိုလည်းကောင်း ၊ မိမိတို့အသင်းသည် တစ်ဦး ၊ တစ်ယောက် ၊ တစ်ကိုယ်ကောင်းမဆန်ပဲ အသင်းကို သစ္စာရှိရှိ တာဝန်သိသိ နှင့် စည်းလုံးညီညွတ်စွာ ကစားပေးနိုင်ရင် မည်သည့်နိုင်ငံအသင်းမျိုးမဆို အနိုင်ရရှိနိုင် မည်ဖြစ်ပါကြောင်း ၊ (ISPE FC CEO) AFC Woman Club Champion League ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ISPE FC အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်၊ နည်းပြ၊ ကစားသမားများအား ပြိုင်ပွဲများအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ညွှန်ကြား ခြင်းအတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း ၊ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် AFC Woman Club Champion League ဒုတိယ အုပ်စုပြိုင်ပွဲ(၄)ပွဲအတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဒုတိယအတွင်းဝန်များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပြီး မိမိတို့ ဌာနဘက်မှ လုံခြုံရေးကိစ္စရပ်များကိုအထူးအလေးထား ဆောင်ရွက်ပေးရန် ညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်း ၊ ISPE FC အမျိုးသမီးအသင်းနှင့်ယှဉ်ပြိုင်ကစားမည့် ကလပ်အသင်းများသည် အင်အား တောင့်တင်းသည့် ကလပ်အသင်းများဖြစ်နေစေကာမူ မကြောက်ကြရန်နှင့် အင်အားကြီး အသင်းတစ်သင်းဖြစ်သည့် ဘရာဇီးလ် အသင်းသည် ကင်မရွန်အသင်းကို ရှုံးနိမ့်သည့် သာဓကများ ရှိသည့်အတွက် မိမိတို့ အသင်းသည်လည်း အင်အား တောင့်တင်းခိုင်မာအောင် လုပ်ဆောင်ထား ရန်လိုကြောင်း ၊ပြိုင်ပွဲများအတွင်း ကစားသမားများသည် ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးနှင့် မလိုအပ်ဘဲ အင်အားသုံးခြင်းမျိုး မပြုလုပ်ကြရန်လိုအပ်ပါကြောင်း ၊ Line up ရွေးချယ်သည့်အခါ မှန်မှန်ကန်ကန်ရွေးချယ်ကြရန်နှင့် နည်းပြချုပ်အားအသင်း မန်နေဂျာ၊ အုပ်ချုပ်သူများမှ ကူညီပံ့ပိုးဆောင်ရွက်သွားရန် ၊ ပြည်ထောင်စုဝန်ကြီးမှလည်း အောက်တိုဘာ လ(၅)ရက်နေ့တွင် ISPE FC အသင်း(၃) သင်းလုံးနှင့် တွေ့ဆုံရန်လျာထားပြီးဖြစ်ပါကြောင်း ၊ မိမိတို့ဌာနအကြီးအကဲများမှ ISPE FC အမျိုးသမီးအသင်းအား ထိုက်သင့်သလောက် ချီးမြှင့် ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နောက်နောင် များတွင်လည်း ပံ့ပိုး၊ ထောက်ပံ့၊ ချီးမြှင့်နိုင်ရေး အတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၊ ISPE FC အမျိုးသမီးအသင်းသည် အသင်းစိတ်ဓါတ်အပြည့်နှင့် ယှဉ်ပြိုင်ကစားကြရန် လိုအပ် ပါကြောင်း ၊ နည်းပြချုပ်အနေဖြင့်လည်း မိမိတို့အရည်အချင်းရှိသည့် အသင်းသားများ လက်ရွေးစင် အသင်းတွင် ပါဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံပါကြောင်း ၊ ISPE FC အသင်း၏ မန်နေဂျာ၊ အုပ်ချုပ်သူ၊ နည်းပြချုပ် များအနေဖြင့် အသင်းအတွက် လိုအပ်ချက်များရှိပါက အဆင့်ဆင့် တင်ပြဆောင်ရွက်သွားရန် လိုပါကြောင်း ၊ “တစ်လုပ်စားဖူးသူ့ကျေးဇူး”ဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့အသင်းအပေါ် သစ္စာရှိကြရန် လိုပါကြောင်း ၊ စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်ရန်အတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်ထားကြရန် ၊ စည်းလုံးခြင်းသည် အင်အားဖြစ်သည့်အတွက် အသင်းသား အားလုံး စည်းလုံးညီညွတ်စွာ ပေါင်းစပ်ပြီး ယှဉ်ပြိုင် ကစားသွားကြရန်လိုပါကြောင်း ၊ စိတ်ဓာတ် စွမ်းအားက အရာရာကို ကျော်ဖြတ်နိုင် မည်ဖြစ်သည့်အတွက် အားကစားသမား များအနေဖြင့် စိတ်ဓာတ်ခိုင်မာစွာဖြင့် ယှဉ်ပြိုင်ကစားကြရန် ၊ “သစ္စာရှိပါ၊ လုံ့လဝီရိယရှိပါ၊ ရိုသေလေးစားပါ၊ ယဉ်ကျေးလိမ္မာပါ၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ” လို့မှာကြားချင်ပါကြောင်း ၊ မိမိတို့အသင်း အောင်နိုင်ရေးအတွက် ပါဝင်သူအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်အောင်ကြိုးစားကြရန်လိုကြောင်း၊ အားကစားသမားများအနေဖြင့် မိမိတို့အသင်းအောင်နိုင်ရေး အတွက် အဓိကထားပြီး ဆောင်ရွက်ကြရန်နှင့် နိုင်ချင်စိတ်ဖြင့် ကစားကြရန် လိုအပ်ပါကြောင်း ၊ အသင်းအောင်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံပါကြောင်း ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ သင်တန်းသူများဖြင့် ISPE FC အသင်းကို တည်ထောင်ခဲ့ကာ ထိုမှတစ်ဆင့် ဆင့်ကဲဆင့်ကဲ မြန်မာ့လက်ရွေးစင်များဖြစ်အောင် မွေးထုတ် ပေးခဲ့ရသည့် မိခင် ISPE FC အသင်းကြီး တိုးတက်အောင်မြင်ရေးအတွက် တစိုက်မတ်မတ် ဆက်လက်ကစား၍ အောင်နိုင်မှုများရယူပေးရန် အထူးတိုက်တွန်းမှာကြားလိုပါကြောင်းပြောကြားခဲ့သည်။
ယင်းအခမ်းအနားကို အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန် ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး နှင့် ဒုတိယကျောင်းအုပ်ကြီး ဦးသိုင်းထွန်းဇော် ၊ အသင်းအုပ်ချုပ်သူ/နည်းပြ နှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရှိရသည်။


