အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၂၀)ရက်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့်ကျင်းပသည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တံခွန်စိုက်ဖလားဆွတ်ခူးရရှိသွားသည်။

ယနေ့ယှဉ်ပြိုင်မှုနောက်ဆုံးနေ့၌ ရိုးရာအသားကျပြိုင်ပွဲ၊ ရိုးရာဒုန်း (Ponyတန်း)ပြိုင်ပွဲ၊ ရိုးရာဒုန်း (အလတ်တန်း)ပြိုင်ပွဲ၊ ရိုးရာဒုန်း (အထူးတန်း)ပြိုင်ပွဲ၊ ရိုးရာဒုန်း(အငယ်တန်း)ပြိုင်ပွဲနှင့် ရိုးရာဒုန်း(အကြီးတန်း)ပြိုင်ပွဲတို့၏ ဗိုလ်လုပွဲစဉ်များကို ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတစ်ခုလုံးပြီးဆုံးချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရွှေ ၈ ခု၊ ငွေ ၄ ခု၊ ကြေး ၃ ခုဖြင့် ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရွှေ ၄ ခု၊ ငွေ ၇ ခု၊ ကြေး ၄ ခုဖြင့် ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီးက ရွှေ ၁ ခု၊ ငွေ ၁ ခု၊ ကြေး ၄ ခုဖြင့် တတိယရရှိခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ မြန်မာ့ရိုးရာဓားခုတ်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ လှံပစ်ပြိုင်ပွဲ၊ မြန်မာ့ရိုးရာစက်ထိုးပြိုင်ပွဲ၊ မြန်မာ့ရိုးရာအသားကျပြိုင်ပွဲ၊ မြန်မာ့ရိုးရာဒုန်း (Ponyတန်း)ပြိုင်ပွဲ၊ မြန်မာ့ရိုးရာဒုန်း(အငယ်တန်း)ပြိုင်ပွဲ၊ မြန်မာ့ရိုးရာဒုန်း(အလတ်တန်း)ပြိုင်ပွဲ၊ မြန်မာ့ရိုးရာဒုန်း(အကြီးတန်း) ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့်တတိယ ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသ ကြီးဝန်ကြီးများ၊အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဉက္ကဌ၊ ဒုတိယဥက္ကဌ(၁)၊ ဒုတိယဥက္ကဌ(၂)၊ အထွေထွေအတွင်းရေးမှူးနှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းက မြန်မာ့ရိုးရာဒုန်း(အထူးတန်း)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများချီးမြှင့်ပြီး တံခွန်စိုက်ဖလား ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဖလားပေးအပ်ချီးမြှင့်ကာ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးသည်။