အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ(၁၅)။

၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကစားအဖွဲ့ချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(အပေါ်ထပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အထောက်အကူပြုစေမည့် အလားအလာရှိသည့် ထူးချွန်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရန်ရည်ရွယ်၍ အမျိုးသားအားကစားပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ပြိုင်ပွဲအင်္ဂါရပ်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားအားကစားပွဲတော်ကို SEA Games မကျင်းပသည့်နှစ်များတွင် ပုံမှန်ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အိုလံပစ်အားကစားနည်းများကို အဓိကထားကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များနှင့်ပက်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားအဖွဲ့ချုပ်များအနေဖြင့် မဖြစ်မနေ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုသာ ရွေးချယ်တင်ပြပေးသွားရန်လိုကြောင်း၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် သင့်တော်ထိုက်တန်သည့် အောင်မြင်မှုများရရှိစေရန်အတွက် အမျိုးသားအားကစားပွဲတော်မှ ထွက်ပေါ်လာမည့် မျိုးဆက်သစ်အားကစားသမားများကို ဆက်လက်လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)နှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တို့မှ အားကစားသမားများကို ဝန်ကြီးဌာနအဆင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး အမှန်တကယ်အကျိုးပြုစေမည့် အားကစားနည်းအလိုက် ပြိုင်ပွဲအမျိုးအစားများကိုသာ အမျိုးသားအားကစားပွဲတော်တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများက အားကစားနည်းအလိုက်ပြိုင်ပွဲအမျိုးအစား ရွေးချယ်မှုကိစ္စများ၊ အားကစားအထောက်အကူပြုပစ္စည်းများ ဝယ်ယူရေးကိစ္စများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဆုချီးမြှင့်မှုဆိုင်ရာကိစ္စများ၊ ပြိုင်ပွဲအမျိုးအစားအလိုက်ကျင်းပမည့် ကာလအပိုင်းအခြားနှင့် ပြိုင်ပွဲကျင်းပမည့်နေရာများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အားကစားအဖွဲ့ချုပ်များမှ ဆွေးနွေးတင်ပြခဲ့မှုများအပေါ် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။