အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကာ/သိပ္ပံ(ရန်ကုန်) ISPE ဘောလုံးအသင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်း၊ အား/ကာဦးစီးဌာန(ရန်ကုန်) ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

ရန်ကုန် ၊ ဇန်နဝါရီလ (၁၇)ရက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦး ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူတို့လိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ISPE ဘောလုံးအသင်းအား သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီးနောက် အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးအထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သင်တန်းသား/သင်တန်းသူများအ‌ပေါ် အနှစ်ချုပ်သုံးသပ်ချက်နှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ရန်ကုန်မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သည် ပထမဆုံးဖွင့်လှစ်ခဲ့သည့် သိပ္ပံကျောင်းဖြစ်သည့်အတွက် ဘက်ပေါင်းစုံမှ ထူးချွန်ထက်မြက်သည့် ဌာနဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် လက်ရွေးစင် အားကစားသမားကောင်းများဖြစ်အောင် ဝန်ထမ်းအားလုံးနှင့် တက်ရောက်သင်ကြားနေသည့် သင်တန်းသား/သင်တန်းသူများအားလုံးတို့က စည်းကမ်းတကျ နေထိုင်သွားလာ လုပ်ကိုင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျန်းမာရေးကို ကောင်းမွန်အောင်အထူးဂရုစိုက်ပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ရုံးလုပ်ထုံး ၊ လုပ်နည်းများအတိုင်း အချိန်နှင့်တစ်ပြေးညီ အောင်မြင်ပြီးမြောက်အောင် စည်းကမ်းရှိရှိ ၊ တာဝန်သိသိ ၊ သစ္စာရှိရှိ လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးနောက် ဌာနခွဲအသီးသီးမှ ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့၍ ဝန်ထမ်းများအား ပစ္စည်း(၃)မျိုး ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြားရာတွင် ကျန်းမာရေးကောင်းမွန်အောင် ၊ စည်းကမ်းရှိပြီး စာရိတ္တကောင်းမွန်အောင်လိုက်နာကြရမည်ဖြစ်ကြောင်း၊ မိမိတက်ရောက်သင်ကြားနေသည့်ကျောင်းတွင် သင်ကြားပို့ချပေးနေသည့် ဆရာ/ဆရာမများနှင့် နည်းပြဆရာများ၏ ဆိုဆုံးမမှုကိုနာခံ၍ သက်ဆိုင်ရာအတန်းအလိုက် အောင်ချက်ကောင်းမွန်အောင် ကြိုးစားကြပြီး မိဘကျေးဇူးဆပ်နိုင်သူများဖြစ်အောင်၊ အားကစား၌လည်း ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်ကအားကစားကွင်း/အားကစားရုံများ ၊ အားကစားအထောက်အကူပြုပစ္စည်းထောက်ပံ့ပေးပြီး ပညာရေးတွင် ဦးစားပေးဆောင်ရွက်ပေးနေကြောင်းပြောကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးမှ လိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရသည်။