ဒုတိယညွှန်ကြားရေးမှူးချုပ် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြား
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ ရောက်ရှိနေသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးသည် ပြည်နယ်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း/အားကစားရုံများ အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများ ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များရှိ အရာထမ်း/အမှုထမ်းများအားတွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အရာထမ်း/အမှုထမ်းများအနေဖြင့် နိုင်ငံတော်မှအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ချမှတ်ပေးထားသော အဓိကတာဝန်ကြီး (၅)ရပ်နှင့်အညီ ဝန်ထမ်းများအားလုံးသည်တာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း ၊ စည်းကမ်းကောင်းမွန်ပြီးအရည်အချင်းမြင့်မားသော ဝန်ထမ်းများဖြစ်ကြပြီး တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြစေလိုပါကြောင်း ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏လုံခြုံရေးအရ ခရီးသွားလာရာတွင် အထူးဂရုပြုကြစေလိုပါကြောင်း ၊ မိမိတို့၏ဌာနရဲ့ ရုံးလုပ်ငန်းဆိုင်ရာများနှင့် သတင်းလုံခြုံရေးအတွက် ကန့်သတ် ၊ လျှို့ဝှက်ဆိုင်ရာအချက်အလက်များ ပြင်ပသို့မပေါက်ကြားစေရေး အထူးသတိပြုသွားကြရန်လိုအပ်ပါကြောင်း ၊ ခရိုင် / မြို့နယ် တာဝန်ခံများအနေဖြင့်လည်း ရုံးလုပ်ငန်းတာဝန်များထမ်းဆောင်ကြရာတွင် ရေတိုရေရှည်စီမံချက်များရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်သွားကြစေလိုပါကြောင်း ၊ ဝန်ထမ်းများကလည်း မိမိတို့ရယူထားသည့် ရာထူးနှင့်လျော်ညီစွာနေထိုင်ကြပြီး ပေးအပ်ထားသည့်တာဝန်များကို ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း ၊ အမျိုးသားအားကစားပွဲတော်ကျင်းပပြုလုပ်ရာတွင် ရှမ်းပြည်နယ်အသင်းအောင်မြင်မှုများရရှိအောင် အရာထမ်း / အမှုထမ်းများအားလုံး ကျရာတာဝန်များအား ပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း အစရှိသည်တို့ကိုပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီး ပြည်နယ်ညွှန်ကြားရေးမှူး က ရှမ်းပြည်နယ်အတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာနဆိုင်ရာလုပ်ဆောင်ချက်များနှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ထမ်းဆောင်နေသည့် အရာထမ်း/အမှုထမ်းများအားတွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၄ ခုနှစ် ၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဥ်ပြိုင်ကြမည့် အားကစားနည်းများလေ့ကျင့်နေမှုများကိုလည်းကောင်း ၊ ပြည်နယ်အားကစားကွင်းစိမ်းလန်းစိုပြေစေရေးအတွက်လည်းကောင်း အသီးသီးလိုက်လံ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။