အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ(၁၅)။

မြန်မာအားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးနှင့်ပတ်သက်၍ ထပ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်‌စေရန်၊ တားမြစ်ဆေးဝါးသုံးစွဲမူဆန့်ကျင်ရေးဆိုင်ရာ ဆက်စပ် လုပ်ငန်းများအား ဆောင်ရွက်နိုင်စေရန်နှင့် ပညာပေးကွန်ယက်တစ်ခု ဖြစ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားသမားအထောက်အကူပြုပုဂ္ဂိုလ်များအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး ပညာပေးသင်တန်း (Anti-doping Education For Athlete Supports Personal)ကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းအပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အားကစားသမားများအား အထောက်အကူပြု ပုဂ္ဂိုလ် (athlete support personnel / ASP) များအနေဖြင့် တားမြစ်ဆေးဝါး သုံးစွဲမှုဆန့်ကျင်ရေးဆိုင်ရာ အသိပညာများကို ကုံလုံပြည့်စုံစွာ ရရှိစေပြီး အားကစားသမားများကို ထပ်ဆင့်ဖြန့်ဝေပေးစေခြင်းဖြင့်လည်းကောင်း၊ အားကစားလုပ်ငန်းများဆောင်ရွက်ရာ၌ တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး အသိဖြင့် ဆောင်ရွက်စေရေးတို့အတွက် ယခုသင်တန်းအား ဖွင့်လှစ်‌ပေးရခြင်းဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ တရားသော စည်းမျဉ်း/စည်းဘောင် တစ်ခုအတွင်းတွင် လူသားတို့၏ ကာယ၊ ဉာဏအားနှင့် စွမ်းရည်တို့ဖြင့် ယှဉ်ပြိုင်ကစားကြရခြင်း ဖြစ်သည့်အတွက် အားကစား၏ အနှစ်သာရဖြစ်သည့် တရားမျှတစွာ ယှဉ်ပြိုင်ကစားခြင်း (fair play)ကို မပျောက်ပျက်စေရန်နှင့် တရားသောနည်းလမ်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများကို ကာကွယ်ရန်အလို့ငှါ ယခုပညာပေး အစီအစဉ်မှ ရရှိလာမည့် အတွေ့အကြုံဗဟုသုတတို့ကို အသုံးချ၍ မိမိတို့လုပ်ငန်းခွင်၌ ပြန်လည်အသုံးချနိုင်စေရန်၊ အားကစားသမားများအား ထပ်ဆင့်ဖြန့်ဝေပေးနိုင်စေရန်နှင့် အားကစားသမားများ တားမြစ်ဆေးဝါးသုံးစွဲ၍ လေ့ကျင့်ခြင်း၊ ယှဉ်ပြိုင်ခြင်းများမှ ကင်းဝေးစေရန် ဝိုင်ဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီးမြန်မာ နိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေးအဖွဲ့အစည်း ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာသန်းသန်းဌေးက အမှာစကားပြောကြားခဲ့ပြီးနောက် တားမြစ်ဆေးဝါး သုံးစွဲမှုကင်းလွတ် ခွင့်ကော်မတီ ဥက္ကဋ္ဌ တွဲဖက်ပါမောက္ခ ဒေါက်တာမြသူဇာက တားမြစ်ဆေးဝါးသုံးစွဲမှု ကင်းလွတ်ခွင့်ဆိုင်ရာ ကိစ္စရပ်များအား ပို့ချခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ တားမြစ်ဆေးဝါး သုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားဆေးဘက်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထက်ဝေက သင်တန်းအစီအစဉ်နှင့် သင်ကြားပို့ချမှုအစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း ဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာသန်းသန်းဌေး၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြသူဇာ၊ မြန်မာနိုင်ငံတားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့အစည်း အတွင်းရေးမှူး ဒေါက်တာထက်ဝေနှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် အားကစားအဖွဲ့ချုပ်များမှ သင်တန်းသားကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦးတို့က လူကိုယ်တိုင်စနစ်နှင့်ဗွီဒီယို ကွန်းဖရင့်စနစ်တို့ဖြင့်တက်ရောက်ခဲ့ပြီး ယခုသင်တန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၅) ရက်နေ့မှ (၂၅) ရက်နေ့အထိ Video Conferencing စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။