အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/အမှုထမ်းများ တွေ့ဆုံဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း ( Gold Camp) ရှိ Gold Medal Hall ၌ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးဉာဏ်ဇော်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး၊ ဌာနခွဲများအလိုက် ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့သည်။

ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲများအား ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ယခုလို ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားအား လစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လိုင်စင်မဲ့ယာဉ်များအား လက်ဝယ်ထားရှိခြင်းနှင့် ပါဝင်ပတ်သက်ခြင်းများအား ရှောင်ကျဉ်ကြရန်လိုကြောင်း၊ မိမိလုပ်ငန်းအပေါ် စေတနာထားပြီးလုပ်ကိုင်ရန်နှင့် ဝန်ထမ်းအချင်းချင်း မိသားစု စိတ်ဓာတ်ထားရှိ၍ ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဆေးဘက်ဌာနခွဲမှ ဆရာဝန်များ ကလည်း ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆေးကုသစောင့်ရှောက် ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့်လည်း အချိန်မရွေး သွားရောက်ကုသပြသနိုင်ကြောင်း၊ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အဆီ၊ အဆိမ့်နှင့် အငန်များကို လျှော့ချပြီး အရက်၊ ဆေးလိပ်နှင့် ကွမ်းယာများကို အတတ်နိုင်ဆုံး လျှော့ချရှောင်ရှားသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲမှ ဝန်ထမ်းက အိမ်ရာကိစ္စရပ်နှင့် ပတ်သက်ပြီး ၎င်း၏အခက်အခဲအား တင်ပြခဲ့ရာ ညွှန်ကြားရေးမှူး(စီမံ)က ယခင်လ အခမ်းအနား၏ တင်ပြချက်များကို စည်းမျဉ်း/စည်းကမ်းများ၊ ဘုတ်အဖွဲ့များဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခမ်းအနားတွင် တင်ပြချက်အား အကြီးအကဲများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က အားကစားအောင်မြင်ခြင်းသည် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းများအောင်မြင်ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်/ထောက်ပံ့မှု‌ ကောင်းမွန်ပြည့်စုံ မှသာ အားကစားအောင်မြင်နိုင်မည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်း ပေါင်းစပ်ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြား ခဲ့သည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်ပြောကြားရာတွင် မိမိအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များ၊ အိမ်ရာကော်မတီကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆုံးဖြတ် ဆောင်ရွက်ရာတွင် ဘုတ်အဖွဲ့များ ဖွဲ့စည်းပြီး ဆုံးဖြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ထူးခြားဖြစ်စဉ်များ တွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ အဆင်ပြေချောမွေ့စေရေးအတွက် အကြီးအကဲများထံ ဆက်လက်တင်ပြ၍ ဖြေရှင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။