အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အာဆီယံ/နိုင်ငံတကာ အစည်းအဝေးများ၊ စကားဝိုင်းများ၊ သင်တန်းများနှင့် တွေ့ဆုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်(၂)ဦးမှ အတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊ဖေဖော်ဝါရီလ(၂၂)ရက်။

အာဆီယံနှင့် နိုင်ငံတကာအစည်းအဝေးများ၊ စကားဝိုင်းများနှင့် သင်တန်းများသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များ၏ အတွေ့အကြုံရှင်းလင်းမျှဝေခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ(၁၃:၀၀) နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများအတွက် ယခုလိုအတွေ့အကြုံများအား ရှင်းလင်းမျှဝေခြင်းအခမ်းအနားများကို ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယခုကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၆)ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနရှိ ဝန်ထမ်းများ အရည်အသွေး/ အရည်အချင်းပြည့်မီမှသာလျှင် လူငယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးသွားနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့ဦးစီးဌာနရှိ ဝန်ထမ်းများသာမက အခြားသောဝန်ကြီးဌာနများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ/လူငယ်များကို အာဆီယံ/နိုင်ငံတကာအစီအစဉ်များသို့ စေလွှတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရိုးသားကြိုးစား၍ အနာဂတ်တွင် မိမိနိုင်ငံ/မိမိဌာန တိုးတက်အောင်မြင်စေရန် ပညာရပ်တစ်ခုကို အားလပ်ချိန်များတွင် ကြိုးစားလေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ ပြည်ပခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာသည့်အခါ မိမိလေ့လာခဲ့သည့် ပညာရပ်များကို မိမိတို့ဌာနအတွက် ကောင်းမွန်စွာ ပြန်လည်အသုံးချ ဆောင်ရွက်စေလိုပါကြောင်း၊ စိတ်ကောင်းစေတနာထား၍ ညီညီညွတ်ညွတ် လုပ်ဆောင်ကြစေလိုပါကြောင်း၊ စွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းများဖြစ်အောင်ကြိုးစား တည်ဆောက်ကြပြီး ကျင့်ဝတ်စည်းကမ်းများကို လိုက်နာစောင့်ထိန်း၍ လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် “အာဆီယံစေတနာ့ဝန်ထမ်းများအစီအစဉ်”နှင့် “အွန်လိုင်းမဟုတ်မမှန် သတင်းများနှင့် အကြမ်းဖက်အစွန်းရောက် အမုန်းစကားအပေါ်တန်ပြန်ရန် အလေ့အကျင့်ကောင်းများဆိုင်ရာ အာဆီယံ-ဩစတေးလျ အကြမ်းဖက်တန်ပြန်ရေး အလုပ်ရုံဆွေးနွေးပွဲ” (ASEAN – Australia Counter- Terrorism, Workshop on Good Practice Approaches to Countering Violent Extremism, Hate Speech, and Disinformation Online) အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်(၂)ဦးတို့က ၎င်းတို့သွားရောက်ခဲ့သည့်ခရီးစဉ်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအားမျှဝေရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာတဲ့ ဝန်ထမ်းများက သိရှိလိုသည်များအား အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား မွန်းလွဲ (၁၅:၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။