အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ စက်တင်ဘာ(၂၈)။

ပြည်တွင်းပြည်ပအားကစားပြိုင်ပွဲများအား စောင့်ကြည့်လေ့လာအကဲဖြတ်ဆောင်ရွက်ရေး၊ အားကစားဆိုင်ရာ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာတွင် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီအနေဖြင့် တစ်ထောင့်တစ်နေရာမှအထောက်အကူ ပြုနိုင်စေရေး၊ မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြန်လည်ဦးမော့လာစေရေးအတွက် ထိရောက်အကျိုးများစေမည့် အချက်အလက်များရရှိရေးနှင့်ပတ်သက်၍ အားကစားစီမံကိန်းနှင့်သုတေသနဖွံ့ဖြိုးရေးကော်မတီ ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း(အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အားကစားနှင့်သုတေသနလုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဉီးမှ အဖွင့်အမှာစကားပြောကြားရာတွင် လုပ်ငန်းကော်မတီအစည်းအဝေးကို (၂)လတစ်ကြိမ် ပုံမှန်ကျင်းပသွားရန်နှင့် ပထမအကြိမ်ပြုလုပ်ခဲ့သည့် အစည်းအဝေးက ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် အခက်အခဲများအား ပြန်လည်သုံးသပ်ရန် ပြောကြားခဲ့သည်။

ထို့နောက် အားကစားစီမံကိန်းနှင့်သုတေသနလုပ်ငန်းကော်မတီ အတွင်းရေးမှူး အားကစားစီမံကိန်းနှင့်သုတေသနခွဲ ညွှန်ကြားရေးမှူး ဉီးရဲလွင်က ဌာနအတွင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သုတေသနဒီပလိုမာ (သို့မဟုတ်) သုတေသနဘွဲ့ရရှိသူများကို ခန့်ထားပေးနိုင်ရန်၊

မသန်စွမ်းအားကစားကဏ္ဍနှင့်ပတ်သက်သည့်မှတ်တမ်းများကို အားကစားပြတိုက်တွင် ထားရှိနိုင်ရေး လူထုအားကစားနှင့်ပညာပေးဌာနခွဲနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ အားကစားသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အားကစားနယ်ပယ်အလိုက်ကျွမ်းကျင်နည်းပြများနှင့် အားကစားသမားများ ပါဝင်ညှိနှိုင်းနိုင်ရေး ဆောင်ရွက်ရန်၊ သုတေသနစာကြည့်တိုက်ထူထောင်နိုင်ရေးအတွက် လိုအပ်သည့် ဘတ်ဂျတ်နှစ်အလိုက် ထည့်သွင်းတင်ပြနိုင်ရေး စီမံဆောင်ရွက်ရန်၊ နှစ်စဉ်ကျင်းပလျက်ရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများအား စောင့်ကြည့်လေ့လာအကဲဖြတ်ဖြတ်ခြင်းများမှ ရရှိလာသည့် အချက်အလက်များအပေါ်အခြေခံ၍ သုတေသနဆောင်ရွက်သင့်သည့် ဉီးစားပေးနယ်ပယ်များ သတ်မှတ်နိုင်ရေးဆောင်ရွက်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများအား စစ်တမ်းကောက်ယူခြင်းများ၊ သုတေသနပြုလုပ်ခြင်းများ ပြုလုပ်ရန်စသည်ဖြင့် တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့်(မန္တလေး)တို့မှ တာဝန်ရှိသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပြီး သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍အကြံပြုတင်ပြခဲ့ကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက သုတေသနလုပ်ငန်းများအတွက် အသီးသီး အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ဆန်းဉီးက သုတေသနလုပ်ငန်းကော်မတီအတွက် ဘတ်ဂျက်လျာထားမှုအခြေအနေများ၊ ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားပြီး သုတေသနလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ရရှိလာသည့်ဝန်ထမ်းများအား ကျွမ်းကျင်မှုရှိစေရန်အတွက် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ လိုအပ်သည့်ဝန်ထမ်းနေရာများအတွက် သုတေသနဒီပလိုမာဘွဲ့ရဝန်ထမ်းများအား ခန့်ထားနိုင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ နိုင်ငံတကာအားကစားသုတေသနစာအုပ်များအား ဘာသာပြန်ဆိုနိုင်ရေးဆောင်ရွက်ရန်၊ သုတေသနလုပ်ငန်းများအား လှေလှော်၊ ခြင်းလုံးနှင့် တင်းနစ်အားကစားနည်းများဖြင့် စတင်လုပ်ဆောင်သွားရန်၊ အကြံပေးအဖွဲ့ဖွဲ့စည်းနိုင်ရေး တာဝန်ရှိသူများအား တင်ပြသွားရန် ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးကျော်ဆန်းဉီး၊ အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲ ညွှန်ကြားရေးမှူးဉီးရဲလွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက In-Person ဖြင့် တက်ရောက်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် မန္တလေးမှ တာဝန်ရှိသူများက Virtualစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။