အသက်မွေးဝမ်းကြောင်းပညာသင် ထောက်ပံ့ကြေးလျှောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကျင်းပ
နေပြည်တော်၊ စက်တင်ဘာလ (၂၆)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကြောင်း ပညာသင်ထောက်ပံ့ကြေးအစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည့်အခမ်းအနားအား ယနေ့နံနက် (၁၀:၀၀) အချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌လည်းကောင်း၊ Virtual စနစ်ဖြင့်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွှန့်၊ လူငယ်ရေးရာ ဦးစီးဌာနရှိ ဌာနခွဲများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)/ တိုင်း ဒေသကြီး/ ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများမှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အခမ်းအနားတွင် လူငယ် ရေးရာဦးစီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးတည်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ သက်မွေးဝမ်းကြောင်းပညာသင်ထောက်ပံ့ကြေး လျှောက်ထားမှု နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ရာ လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒ(၇)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၀)ရပ်တို့နှင့်အညီ ပညာရေးကဏ္ဍ၌ အနာဂတ်ဖွံ့ဖြိုးမှုအလားအလာကောင်းများကို ဖြည့်ဆည်းဆောင်ရွက်မှုအနေဖြင့် ပုံမှန်ပညာရေးမသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် မိဘမဲ့၊ အမိမဲ့၊ အဖမဲ့၊ ဆင်းရဲနွမ်းပါးသည့် အသက်(၁၅)နှစ်မှ (၃၅)နှစ်အကြား ထူးချွန်လူငယ်များအား အသက်မွေးဝမ်းကျောင်းပညာဆက်လက်သင်ယူနိုင်ရန်၊ လူငယ်များဘဝမြှင့်တင်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပညာသင်ထောက်ပံ့ကြေးအား ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မတီများမှ သတ်မှတ်ချက်နှင့်အညီ စနစ်တကျ စိစစ်ရွေးချယ်စာရင်းပြုစုတင်ပြနိုင်ရန် ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထောက်ပံ့ကြေးပေးအပ်မည့် လူဦးရေစာရင်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူထားသည့် စာရင်းအရ တိုင်းဒေသကြီး/ပြည်နယ်များတွင် အသက်(၁၅)နှစ်မှ (၃၅)နှစ်အကြားရှိ လူဦးရေအပေါ် ရာခိုင်နှုန်းအလိုက် စိစစ်တွက်ချက်ထားပြီး တစ်နှစ်လျှင် တစ်ကြိမ်၊ တစ်ဦးလျှင် ကျပ် ၁၀၀,၀ဝဝိ/- နှုန်းဖြင့် စုစုပေါင်း(၁၅၀)ဦးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထောက်ပံ့သွားနိုင်ရန် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံထားပြီး (၁.၁.၂၀၂၄)ရက်နေ့မှ(၃၁.၃.၂၀၂၄) ရက်နေ့အတွင်း သင်တန်းတက်ရောက်မည့် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လူငယ်စာရင်း ပေးပို့ကြရန် လျှောက်ထားရာတွင် လိုအပ်သည့်အချက်များနှင့် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ)/ တိုင်းဒေသကြီး/ပြည်နယ် လူငယ်ရေးရာကော်မတီ အတွင်းရေး မှူးများ၊ တွဲဖက်အတွင်းရေးမှူးများ၏ ဆွေးနွေးခဲ့ကြသည့် တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ပြီးနောက် အခမ်းအနားကို နံနက်(၁၁:၀၀)အချိန်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။