![]()
Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကျင်းပ
ရန်ကုန် ၊ အောက်တိုဘာလ (၉)
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရဘိလိယက်အားကစားသမားများအား အရှေ့တောင်အာရှ ၊ အာရှနှင့်ကမ္ဘာ့ပြိုင်ပွဲများတွင် ရွှေ ၊ ငွေ ၊ကြေး ဆုတံဆိပ်များရရှိထားသည့် ဘိလိယက်မြန်မာ့လက်ရွေးစင်များနှင့် ယှဉ်ပြိုင်ရသည့် အတွေ့အကြုံများရရှိစေရေး ၊ ဘိလိယက် အားကစားနည်းအပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားသမားများ ပိုမိုစိတ်ပါဝင်စား လာစေရေးတို့ကိုရည်ရွယ်ပြီး ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက် နှင့် စနူကာ ပြိုင်ပွဲ၌ ဘိလိယက်အားကစားနည်းဖြင့် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် အားကစားသမား များ နှင့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဘိလိယက်အားကစားသမား (၃)ဦးတို့အား ယှဉ်ပြိုင်စေသည့် Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး ၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ ဘိလိယက်နှင့် စနူကာအားကစား လေ့ကျင့်ရေးခန်းမ၌ ယနေ့နံနက်(၀၉း၀၀)နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ (၂) ညွှန်ကြားရေးမှူး ၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းထက်မွန် ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ခဲ့ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးမှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွန်မှာကြားချက်များကို ထပ်ဆင့် မှာကြားပြီး Professional and Amateur ဘိလိယက်လက်ရည်စမ်းပြိုင်ပွဲကို အုပ်စုမဲနှိုက်၍ စတင်ကျင်းပပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ အုပ်စု(က)တွင် ဦးပေါက်စ ၊ တေဇာအောင် ၊ အေးမင်းနှင့် အုပ်စု(ခ)တွင် ဦးအောင်ဌေး ၊ ဦးနေသွေးဦး ၊ ကျော်စွာဝင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားကြရာ ပထမပွဲစဉ်(၁)တွင် ဦးပေါက်စ နှင့်တေဇာအောင်တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲစဉ်(၂)တွင် ဦးအောင်ဌေးနှင့် ဦးနေသွေးဦး တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။
ယနေ့ ကျင်းပပြုလုပ်သည့် Professional and Amateur ဘိလိယက်ပြိုင်ပွဲကို ၉.၁၀.၂၀၂၅ ရက်နေ့ မှ ၁၀.၁၀.၂၀၂၅ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲ နှင့် နှစ်ယောက် တွဲပြိုင်ပွဲများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


