အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို

ရန်ကုန်၊ဒီဇင်ဘာလ(၁၂)ရက်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၉)ရက်မှ (၁၀)ရက်နေ့အထိ မလေးရှားနိုင်ငံ ပီနန်မြို့တွင်ကျင်းပသော PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာဂျူဒိုအားကစားအဖွဲ့သည် ယနေ့နေ့လယ်(၁၃:၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဌ ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဌများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်မင်းသန်း နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ မိဘဆွေမျိုးများက ပန်းစည်းများ၊ အိုးစည်ဒိုးပတ်များဖြင့် ဝမ်းပန်းတသာကြိုဆိုကြပါသည်။

အဆိုပါပြိုင်ပွဲတွင် မလေးရှားကလပ်အသင်း(၁၀)သင်း ၊ အင်ဒိုနီးရှားကလပ်အသင်း(၂)သင်း၊ ထိုင်းနိုင်ငံအခြေစိုက် ပြင်သစ်ကလပ်အသင်း ၊ စင်ကာပူအသင်း၊ ဘရူနိုင်းအသင်း၊ မြန်မာအသင်းတို့ စုစုပေါင်း(၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းမှ (-၂၈)ကီလိုတန်း၊(-၃၂)ကီလိုတန်း၊ (-၇၃)ကီလိုတန်း၊ (-၆၆)ကီလိုတန်း၊ (-၂၄)ကီလိုတန်း၊ (-၉၀)ကီလိုတန်း၊ (-၅၇)ကီလိုတန်း၊(-၅၀) ကီလိုတန်းနှင့်(-၆၀) ကီလိုတန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ (-၂၈)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇေထက်က ရွှေတံဆိပ်(၁)ခု၊ (-၃၂)ကီလိုတန်းပြိုင်ပွဲတွင် နှင်းဦးဝတ်ရည်က ရွှေတံဆိပ်(၁)ခု၊ (-၇၃) ကီလိုတန်း ပြိုင်ပွဲတွင် ကျော်ခန့်စိုးက ရွှေတံဆိပ်(၁)ခု၊ (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ထက်အောင်က ရွှေတံဆိပ်(၁)ခု၊(-၂၄)ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းပြည့်ချမ်းသာထွန်းက ငွေတံဆိပ် (၁)ခု၊ (-၉၀)ကီလိုတန်း ပြိုင်ပွဲတွင် အောင်ဝေဖြိုးက ငွေတံဆိပ်(၁)ခု၊ (-၅၇)ကီလိုတန်းပြိုင်ပွဲတွင် ငွေပုံချစ်က ကြေးတံဆိပ်(၁)ခုနှင့် (-၅၀)ကီလိုတန်းပြိုင်ပွဲတွင် ခိုင်ခန့်က ကြေးတံဆိပ်(၁)ခု ဆွတ်ခူးရရှိခဲ့ကြကြောင်းသိရှိရသည်။