FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ချန်ပီယံ SHAN FC (SOUTHERN) အသင်းအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်း အနားကျင်းပ
တောင်ကြီး၊ ဒီဇင်ဘာလ(၁၉)ရက်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်က FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ၌ မြန်မာတစ်ပြည်လုံး ချန်ပီယံအဖြစ် ရပ်တည်ခဲ့သော SHAN FC (SOUTHERN) အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အားကစားသမားများ ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို (၁၉.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၈း၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အုပ်ချုပ်သူ/နည်းပြများ ၊ အလှူရှင်များနှင့် ပြိုင်ပွဲဝင်ဆုရအားကစားသမားများမှ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကတော့ အင်မတန်မှ ကျက်သရေမင်္ဂလာရှိတဲ့ပွဲဖြစ်တာနဲ့အညီ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် မြန်မာတစ်ပြညလုံး ချန်ပီယံအဖြစ် ရှမ်းပြည်နယ်ဂုဏ်ဆောင်ခဲ့သော FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေးဘောလုံးပြိုင်ပွဲ UPPER ZONE နှင့် GRAND FINAL ချန်ပီယံ SHAN FC (SOUTHERN) အသင်းအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း၊ SHAN FC (SOUTHERN) သည် အထက်မြန်မာပြည်ဇုန်တွင်လည်း အထက်မြန်မာပြည်ချန်ပီယံအဖြစ်လည်းကောင်း၊ FIFA – MFF U 15 YOUTH LEAGUE 2023 GRAND FINAL ပွဲစဉ်အဖြစ် SHAN FC (Southern) Vs RAKHINE United အသင်းနှင့် (၁၁.၁၂.၂၀၂၃)ရက်နေ့ ညနေ (၁၇:၃၀)အချိန်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားသွား ကြရာ SHAN FC (Southern) အသင်းက RAKHINE United အသင်းကို ၃ဂိုး၊ ၁ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာတစ်ပြည်လုံး ချန်ပီယံအဖြစ် ရပ်တည်ခဲ့ကာ ရှမ်းပြည်နယ်ဘောလုံးချစ်ပရိတ်သတ်များအတွက် ပြိုင်ဘက်အသင်းများအား ပြတ်ပြတ် သားသားအနိုင်ယူပြခဲ့ပြီး ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်က အားကစားကိုအဘက်ဘက်မှ မြှင့်တင်ချီးမြှောက်နေချိန်ဖြစ်သလို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း အားကစားကို အထူးအားပေးဆောင်ရွက်လျက်ရှိတာကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ ပြည်နယ်ရဲ့ဂုဏ်ကို အားကစားဖြင့်မြှင့်တင်ပေးကြတဲ့ အားကစားသမားအားလုံးရဲ့ စွမ်းဆောင်နိုင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ မြန်မာပြည်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ အဓိက ကူညီပံ့ပိုးကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပပြုလုပ်ပေးခဲ့သည့် FIFA-MFF U-15 YOUTH LEAGUE 2023 အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ မြန်မာတစ်ပြည်လုံးချန်ပီယံအဖြစ် ရပ်တည်ခဲ့ပါကြောင်း၊ ဒါ့အပြင် မြန်မာ့လက်ရွေးစင်အသင်းအတွက်လည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်းနှင့် ယခုရရှိထားသည့် အောင်မြင်မှုတွင် ရပ်တန့်မနေဘဲ နောင်လာမည့်ပြိုင်ပွဲများမှာလည်း ယခုထက်ပိုမိုအောင်မြင်အောင်စွမ်းဆောင်ပြီး ပြည်နယ်နှင့်နိုင်ငံရဲ့ ဂုဏ်ကို အားကစားဖြင့် ဆထက်ထမ်းပိုးတိုး၍ မြှင့်တင်နိုင်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်ရဲ့ အားကစားအဆင့်အတန်းမြင့်မားလာစေရန် အတွက် ဘက်ပေါင်းစုံကနေ အမြဲတမ်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသွားကာ ဂုဏ်ပြုချီးမြှင့်ငွေများကို ဆက်လက်ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀)နှင့် အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၅၇)သိန်း၊ ဆုရအားကစားသမားများအတွက် စုစုပေါင်းငွေကျပ် ၂၅၇ သိန်းတိတိအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
ဆက်လက်ပြီး အသင်းနည်းပြချုပ် ဦးခင်ထွန်းဦးက ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသွားခဲ့ကာပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးကာ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။


