![]()
E-Sports ကမ္ဘာ့ဖလားပြိုင်ပွဲ E-Sports World Cup 2026(MLBB)သို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် 1st Runner Up (ဒုတိယဆု)ရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်း ပြန်လည်ရောက်ရှိ
ရန်ကုန်၊ သြဂုတ် ၃
ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ဇူလိုင်လ ၂၂ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် E-Sports ကမ္ဘာ့ဖလားပြိုင်ပွဲ E-Sports World Cup 2026(MLBB)သို့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကမ္ဘာ့အဆင့် Mobile Legends: Bang Bang ပြိုင်ပွဲ၏ Grand Final ၌ 1st Runner Up(ဒုတိယဆု)ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ ပြိုင်ပွဲကြီးတွင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ ဆော်ဒီအာရေးဗျ၊ ရုရှား၊ တူရကီ၊ တရုတ်၊ ပီရူး၊ အိန္ဒိယ၊ မွန်ဂိုလီးယား၊ ဘရာဇီး၊ ထိုင်း၊ လာအို၊ ဂျပန်နှင့် ဗီယက်နမ်စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ အသင်း ၂၅ သင်း၊ မြန်မာနိုင်ငံကိုယ်စားပြု၍ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ YG အသင်း ပိုင်ရှင်များ၊ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား စုစုပေါင်း ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းသည် အုပ်စုပထမပွဲစဉ်၌ ဆော်ဒီအာရေးဗျနိုင်ငံမှ Geekay E-Sports အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အုပ်စုဒုတိယပွဲစဉ်တွင် ကမ္ဘောဒီးယား နိုင်ငံမှ PRO E-Sports အသင်းအား (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ရှုံးထွက်ကွာတားဖိုင်နယ်ပွဲစဉ်တွင် (၃)ပွဲပြတ်ဖြင့်လည်းကောင်း၊ အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် ဖိလစ်ပိုင်နိုင်ငံမှ Falcons PH E-Sports အသင်းအား (၃)ပွဲ (၂)ပွဲဖြင့် အနိုင်ရရှိ၍ Grand Final သို့ ထိုက်ထိုက်တန်တန်တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ ပွဲစဉ်တွင် ရုရှားနိုင်ငံမှ Team Spirit အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ(၃)ပွဲ (၄)ပွဲရလဒ်ဖြင့်1st Runner Up (ဒုတိယဆု)ကို ဆွတ်ခူးရရှိခဲ့သည်။
ယင်းပြိုင်ပွဲတွင် ရုရှားနိုင်ငံမှ Team Spirit အသင်းက ချန်ပီယံဆုကိုရရှိခဲ့သည့်အတွက် ဆုကြေးငွေ ဒေါ်လာတစ်သန်းရရှိခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းက 1st Runner Up (ဒုတိယဆု)ရရှိခဲ့သည့်အတွက် ဒေါ်လာငါးသိန်းရရှိခဲ့သည်။
ယခုကဲ့သို့ 1st Runner Up (ဒုတိယဆု)ဆွတ်ခူးရရှိခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos(YG) MLBB အသင်းသည် ယနေ့နံနက် (၁၀:၁၅)နာရီအချိန်တွင် China Southern Airlines, CZ-3055 ဖြင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြောင်းသိရသည်။


