![]()
AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ မေ ၂၇ ရက်
AYA Tri Nations Cup 2026 (၃)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ ဝေဇယန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၊ ပတ္တမြားခန်းမ၌ ကျင်းပရာ သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင် ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဆွေးနွေးတင်ပြရာတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းဖြင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများကို ပြည်တွင်းရှိ မိဘပြည်သူများ မျက်ဝါးထင်ထင်အားပေးကြည့်ရှုနိုင်ပြီး နိုင်ငံတော်အနေဖြင့် ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနိုင်ကြောင်းကို နိုင်ငံတကာမှ သိမြင်သွားစေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရက်ကို ဇွန်လ ၃ ရက် ၊ ၆ ရက်နှင့် ၉ ရက် နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပြိုင်ပွဲများတွင် မြန်မာ၊ ထိုင်းနှင့် ဥဇဘတ်ကစ္စတန် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း ၊ ပြိုင်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီဘဏ်မှများစွာ ပံ့ပိုးကူညီ ဆောင်ရွက် ပေးထားပါကြောင်းနှင့် ပြိုင်ပွဲကျင်းပရာတွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သွားလာနေထိုင် စားသောက်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်မှုပိုင်းဆိုင်ရာကိစ္စရပ်များ၊ ဂိတ်ဝင်မှု စနစ်ပုံစံများ၊ ဆုချီးမြှင့်မည့်ကိစ္စရပ်များအား Video Clip ဖြင့် အသေးစိတ် တင်ပြဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ က ဆွေးနွေးပြောကြားရာတွင် လုံခြုံရေးနှင့်အေးချမ်းသာယာမှုရှိစေရေးအတွက် အားလုံးမှ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းဆောင်ရွက် သွားစေလိုကြောင်း၊ ကျောင်းများဖွင့်လှစ်သည့်အချိန်ဖြစ်သည့်အတွက် ယာဉ်လမ်းကြော အဆင်ပြေစေရေး၊ တိုက်ရိုက် Live ထုတ်လွှင့်ပြသည့်အတွက် ပြိုင်ပွဲကွင်းအတွင်း၌ မလိုလားအပ်သည့်ကိစ္စရပ်များ မပေါ်ပေါက်စေရန် ဂရုစိုက်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး တို့က ဘောလုံးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့ဌာနဘက်မှ ကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြည့်ရှုအားပေးနိုင်ရေး အတွက် VIP ထိုင်ခုံများထားရှိပေးစေလိုကြောင်း၊ ပရိသတ်များ စနစ်တကျအားပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်ပေးစေလို ကြောင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက်ဆွေးနွေးတင်ပြခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးက ပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ အားကစားရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြား၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။


