AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ
ရန်ကုန်၊ ဩဂုတ်လ ၂၈ ရက်
AFC Women’s Championship League (AWCL) 2025/2026 ပြိုင်ပွဲ၏ Preliminary Stage ပြိုင်ပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးကွင်းတွင်ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲသည် ၂၀၂၅-၂၀၂၆ ရာသီအာရှချန်ပီယံလိဂ် အမျိုးသမီးကလပ်ခြေစစ်ပွဲ ဖြစ်ပြီး ယနေ့တွင် အုပ်စုအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပရာတွင် မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် မွန်ဂိုလီးယားနိုင်ငံမှ KHOVD WESTERN FC အမျိုးသမီးဘောလုံး အသင်းတို့ယှဉ်ပြိုင်ကစားရာ ပထမပိုင်း( ၄၅ )မိနစ်တွင် I.S.P.E FC အမျိုးသမီးဘောလုံးအသင်းက (၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းဆက်လက် ယှဉ်ပြိုင်ကစားရာတွင် I.S.P.E FC အမျိုးသမီးဘောလုံး အသင်းကထပ်မံ၍ (၄)ဂိုး သွင်းယူနိုင်ခဲ့ကာ ပြိုင်ပွဲပြီးဆုံးချိန်တွင် I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းက မွန်ဂိုလီးယားနိုင်ငံမှ KHOVD WESTERN FC အမျိုးသမီးဘောလုံးအသင်းကို ( ၈)ဂိုး ဂိုးမရှိ ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရှိရသည်။


