အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ဧပြီ(၈)ရက်။

ရှမ်းပြည်နယ်အတွင်း ဖူဆယ်အားကစားနည်းအဆင့်အတန်း ပိုမိုတိုးတက်စေရေးနှင့် မြန်မာနိုင်ငံ သဲသောင်ပြင်နှင့် ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး ၂၀၂၄ခုနှစ်၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ဖြူစိမ်းအားကစားပစ္စည်းဆိုင်မှ အဓိကကူညီပံ့ပိုးကာ 2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်းအမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၈.၄.၂၀၂၄ ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူဆွေ ၊ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေး ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဖူဆယ်အားကစားနည်းဆပ်ကော်မတီဝင်များ နှင့်ကျောင်းသား/ကျောင်းသူများ၊ ဖူဆယ်အားကစားဝါသနာရှင်မိဘပြည်သူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက U-12 Futsal ပြိုင်ပွဲ၌ လမ်းပြကြယ်အသင်း နှင့် Soccer(A)အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း ၊ OVER 35 Futsal ပြိုင်ပွဲ၌ Over Danger အသင်း နှင့် Apple အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း ၊ 2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲ၌ Adonis အသင်း နှင့် AON အသင်းတို့၏ယှဥ်ပြိုင်ကစားနေမှုများကိုလည်းကောင်း အသီးသီးကြည့်ရှုအားပေးခဲ့ကြကာ U-12 Futsal ပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော Soccer(A)အသင်း ၊ ပထမဆုရရှိသွားသော လမ်းပြကြယ်အသင်း ၊ OVER 35 Futsal ပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော Apple အသင်း ၊ ပထမဆုရရှိသွားသော Over Danger အသင်း ၊ 2024 PS ICON SPORT OPEN CUP ကလပ်ပေါင်းစုံ အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသွားသော AON အသင်း ၊ ပထမဆုရရှိသွားသော Adonis အသင်းများအား တစ်ဦးချင်းဆုတံဆိပ် ၊ ပထမဆုဖလားများ နှင့် တစ်ဦးချင်းအကောင်းဆုံးရရှိခဲ့ကြသူများအား ပြည်နယ်ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲအား ၂၃.၃.၂၀၂၄ရက်နေ့မှ ၈.၄.၂၀၂၄ရက်နေ့ထိ အမျိုးသား အလွတ်တန်းအသင်းပေါင်း (၁၉)သင်း ၊ U-12 အသင်းပေါင်း (၅)သင်း ၊ Over 35 အသင်းပေါင်း (၅)သင်း စုစုပေါင်း (၂၉)သင်း နှင့် ပြိုင်ပွဲဝင်အားကစားသမားပေါင်း (၃၄၈)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။