အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာ မြင်းစီးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရန်ကုန် ၊ ဖေဖေါ်ဝါရီလ(၅)ရက်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူး၍ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပံ့ပိုးမှုဖြင့်ကျင်းပသည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တံခွန်စိုက်ဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မြင်းစီးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဥပဒေချုပ် ဦးဌေးအောင်၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဌဦးပြုံးမောင်မောင်နှင့် ဒုဥက္ကဌဦးအေးချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြင်းစီးသရုပ်ပြသခြင်းနှင့် ပထမနေ့ယှဉ်ပြိုင်သည့်ပွဲစဉ်များဖြစ်သည့် ရိုးရာ ဒုန်းစီးအလတ်တန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲစဉ်)များအား ကြည့်ရှုအားပေးကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာဒုန်းစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာအသားကျစီးပြိုင်ပွဲများ၊ မြန်မာ့ရိုးရာဓားခုတ်(ငှက်ပျောပင်ခုတ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံပစ်(စက်ပစ်)စီးနင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာလှံထိုး(စက်ထိုး)စီးနင်းပြိုင်ပွဲ၊ International Show Jumping ပြိုင်ပွဲ၊ International Dressage ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ(၆)ရက်တွင် ရိုးရာဒုန်းစီးအငယ်တန်းပြိုင်ပွဲ(ကွာတားဖိုင်နယ်ပွဲ)များ၊ (၇)ရက်နေ့တွင် ရိုးရာဒုန်းပိုနီတန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲ)များ၊ (၈)ရက်နေ့တွင် ရိုးရာအသားကျပြိုင်ပွဲများ၊ (၉)ရက်နေ့တွင် ရိုးရာဒုန်းစီး အငယ်တန်းပြိုင်ပွဲ(ဆီမီးဖိုင်နယ်ပွဲ)များ၊ ရိုးရာဓားခုတ်/လှံပစ်ပြိုင်ပွဲများ၊ (၁၀)ရက်နေ့တွင် မြင်းအလှစီး(Dressage)ပြိုင်ပွဲများ၊ ရိုးရာလှံထိုးပြိုင်ပွဲများ၊ (၁၁)ရက်နေ့တွင် နိုင်ငံတကာတန်းခုန်(Show Jumping) ပွဲများ၊ (၁၂)ရက်နေ့တွင် ရိုးရာဒုန်းစီးအထူးတန်း/အကြီးတန်း/အလတ်တန်း/ အငယ်တန်းနှင့်ပိုနီတန်းပြိုင်ပွဲတို့၏ ဗိုလ်လုပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲများကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မြင်းများ ပါဝင်ယှဉ်ပြိုင်ကြပြီး အကြီးတန်းဒုန်းစီးပြိုင်ပွဲတွင် ပထမငွေကျပ်(၅၀)သိန်း၊ ဒုတိယငွေကျပ်(၃၀)သိန်း၊ တတိယငွေကျပ်(၁၀)သိန်း၊ အလတ်တန်းဒုန်းစီးပြိုင်ပွဲတွင် ပထမငွေကျပ်(၃၀)သိန်း၊ ဒုတိယငွေကျပ်သိန်း(၂၀)၊ တတိယငွေကျပ်(၁၀)သိန်း၊ အငယ်တန်းဒုန်း စီးပြိုင်ပွဲတွင် ပထမငွေကျပ်(၂၀)သိန်း၊ ဒုတိယငွေကျပ်(၁၀)သိန်း၊ တတိယငွေကျပ်(၅)သိန်း၊ Pony တန်းဒုန်း ပြိုင်ပွဲတွင် ပထမငွေကျပ်(၁၀)သိန်း၊ ဒုတိယငွေကျပ်(၅)သိန်း၊ တတိယငွေကျပ်(၁)သိန်း၊ အသားကျပြိုင်ပွဲ အလွတ်တန်းတွင် ပထမငွေကျပ်(၁၅)သိန်း၊ ဒုတိယငွေကျပ်(၁၀)သိန်း၊ တတိယငွေကျပ်(၅)သိန်း၊ ဓားခုတ်ပြိုင်ပွဲ အလွတ်တန်းတွင် ပထမငွေကျပ်(၅)သိန်း၊ ဒုတိယငွေကျပ်(၃)သိန်း၊ တတိယငွေကျပ်(၂)သိန်း၊ စက်ထိုးပြိုင်ပွဲအလွတ်တန်းတွင် ပထမငွေကျပ်(၅)သိန်း၊ ဒုတိယငွေကျပ်(၃)သိန်း၊ တတိယငွေကျပ်(၂) သိန်း၊ လှံထိုးပြိုင်ပွဲအလွတ်တန်းတွင် ပထမငွေကျပ်(၅)သိန်း၊ ဒုတိယငွေကျပ်(၃)သိန်း၊ တတိယငွေကျပ်(၂)သိန်းနှင့် ဆုဖလားများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။