![]()
(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAKRAW CHAMPIONSHIPပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခု ဆွတ်ခူးရရှိခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းပြန်လည်ရောက်ရှိ
ရန်ကုန် ၊ ဩဂုတ် ၁၂
၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ISTAF WORLD SEPAKTAKRAW CHAMPIONSHIP ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု(၁)ခု၊ ငွေတံဆိပ်ဆု(၃)ခု၊ စုစုပေါင်း ဆုတံဆိပ် (၄) ခု ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ ပြိုင်ပွဲကြီးတွင် အရှေ့တောင်အာရှနှင့် အာရှနိုင်ငံများမှ ပိုက်ကျော်ခြင်း အားကစားသမားများ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း အဖွဲ့ခေါင်းဆောင် ဦးသန်းလွင် ဦးဆောင်ပြီး အမျိုးသားအသင်းနည်းပြများအဖြစ် ဦးကျော်မင်းစိုး၊ ဦးထက်ဇော်၊ အမျိုးသမီးအသင်းနည်းပြများအဖြစ် ဦးအောင်ချိုမြင့်၊ ဒေါ်နန့်ယဉ်ယဉ်မြင့် နှင့် အမျိုးသား/အမျိုးသမီး အားကစားသမား ၂၄ ဦး၊ စုစုပေါင်းအင်အား၂၉ ဦးတို့သည် ပြိုင်ပွဲ အမျိုးအစားပေါင်း ၆ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသား(၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရာ ပထမ(ရွှေတံဆိပ်)ဆုကိုလည်းကာင်း၊ အမျိုးသား ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတွင် ဗီယက်နမ် အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ အမျိုးသမီးကွင်းသွင်းခြင်းခတ် ပြိုင်ပွဲတွင် ထိုင်းအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ ဒုတိယ(ငွေတံဆိပ်)ဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံအတွက် စုစုပေါင်း ရွှေတံဆိပ် (၁)ခုနှင့် ငွေတံဆိပ် (၃)ခုတို့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။


