![]()
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရေး မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆)ကျင်းပ
နေပြည်တော်၊ ဩဂုတ် ၁
(၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြားပစ်အားကစားနည်းအောင်မြင်မှု ရရှိစေရေးနှင့် မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အလုပ်အမှုဆောင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၆)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ မြားပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးတောက်ထွန်း၊ ဒေါက်တာမြတ်သူရစိုး၊ အလုပ်အမှုဆောင်များ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့်နည်းပြ များ တက်ရောက်ခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက အဖွင့်အမှာစကားပြောကြား ရာတွင် မြားပစ်အားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အားကစား သမားများ ရှာဖွေဖော်ထုတ်နိုင်စေရေးနှင့် မြားပစ်အားကစားနည်းအောင်မြင်မှုရရှိစေရေးတို့အတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အလုပ်အမှုဆောင်များကို အသစ်ပြန်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီသို့ တင်ပြဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ယခင်လကျင်းပခဲ့သည့် (၁/၂၀၂၆)အလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်များကို စနစ်တကျဖြင့် အောင်မြင်အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါကြောင်း၊ အလုပ်အမှုဆောင်များအနေ ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြားပစ်အားကစားနည်း အောင်မြင်မှုရရှိစေရေးအတွက် အကြံပြုဆွေးနွေးချက်များနှင့် အကြံဉာဏ်ကောင်းများကို အလုပ် အမှုဆောင်များပေးပို့နိုင်စေရန်၊ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ဆောင်ရွက်နိုင်ရန် Group ဖွဲ့၍ ဖွင့်လှစ်ထားသည့် Messages Box သို့ ပေးပို့ပေးသွားကြရန်နှင့် မြားပစ်မျိုးဆက်သစ်အားကစားသမား များ မွေးထုတ်ပေးနိုင်ပြီး လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိစေရေးအတွက် ရေတိုစီမံချက်များ၊ မြားပစ်အားကစားတိုးတက်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရေရှည်စီမံချက်များကို စနစ်တကျ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် အကြံဉာဏ် ကောင်းများဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးသွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ဦးက မြားပစ်အဖွဲ့ချုပ်၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများနှင့် မြားပစ်အားကစားနည်း ပြန်လည်ဦးမော့ လာစေရေးတို့အတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှု ဆုတံဆိပ်များရရှိစေရေးအတွက် ရေတိုစီမံချက်အဖြစ် နိုင်ငံခြားနည်းပြဌားရမ်းခြင်းများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းထောက်ပံ့ပေးခြင်းများ၊ ဒိုင်/နည်းပြသင်တန်း ဖွင့်လှစ်ပေးခြင်းများ၊ Joint Training စေလွှတ်၍ လေ့ကျင့်စေခြင်းနှင့် နိုင်ငံတကာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုများ စသည့် ကိစ္စရပ် များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရေရှည်စီမံကိန်းအဖြစ် မြားပစ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်စေရန် အားကစားရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ အဖွဲ့ချုပ်၏ ထောက်ပံ့မှု ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံမြားပစ်သင်တန်း များကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ၎င်းသင်တန်းများမှ သတ်မှတ်ချက်နှင့်ကိုက်ညီပြီး ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမား ၁၂ ဦးတို့ကို ရွေးချယ်၍ စခန်းသွင်း လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ မြားပစ်အားကစားတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန် မှာကြားချက်ဖြင့် ပဲခူးတိုင်းဒေသကြီးတွင် မြားပစ်ဆပ်ကော်မတီဖွဲ့စည်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း၊ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးတွင် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံ မြားပစ်သင်တန်းဖွင့်လှစ်ရန် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါသင်တန်းမှ ထူးချွန်သူ များကို ရွေးချယ်၍ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ မြားပစ်လေ့ကျင့်ရေးကွင်းတွင် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ် မျိုးဆက်သစ်လူငယ်လက်ရွေးစင်အားကစား Camp အဖြစ် စခန်းသွင်းလေ့ကျင့်ရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်လည်း အခြေခံမြားပစ်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးပြီး မျိုးဆက်သစ် အားကစားသမားများရွေးချယ်၍ ဒေသလေ့ကျင့်ရေး စခန်းများ ဖွင့်လှစ်ပြီး စခန်းသွင်းလေ့ကျင့်ပေးခြင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်မြားပစ်ပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ မြားပစ်ပြိုင်ပွဲများကို ကျင်းပပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မြားပစ်အားကစားနည်းအနေဖြင့် ယခင်ကာလများကဲ့သို့ အောင်မြင်မှု ဆုတံဆိပ်များ ပြန်လည်ရရှိစေရေးအတွက် ငွေအား၊ လူအား၊ အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်း ပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးများနှင့် နည်းပြများက မြားပစ်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး အကြံပြုဆွေးနွေးတင်ပြ ခဲ့ကြပြီးနောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပြီး မိမိအနေဖြင့် ယခင်ကာလများတွင် ရရှိခဲ့သည့် အောင်မြင်မှု ဆုတံဆိပ်များ ပြန်လည်ရရှိစေရန် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအတွက် လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားဆောင်ရွက်ပြီး မြန်မာ့ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာအခန်းကဏ္ဍမှ အတူတကွ ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားရန် ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် တာဝန်ရှိသူများသည် နေပြည်တော်၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)နှင့် လူငယ်အားကစားလေ့ကျင့်ရေး စခန်း(Youth Camp)တို့မှ အားကစားသမားများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် အားကစားသမားများအတွက် လိုအပ်သည့် လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး အခြားလိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိပါက အားကစားသမားများအပြင် အုပ်ချုပ်သူ/နည်းပြများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ဆောင် မြားပစ်အားကစားသမားကောင်းများဖြစ်အောင် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။


