![]()
(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ် ၊ ဂျူဒို ၊ ကရာတေး ၊ ရွက်လှေအားကစားအဖွဲ့များ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာ
ရန်ကုန်၊ ဒီဇင်ဘာ ၉ရက်
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ် အားကစားအဖွဲ့ မှ ဦးကျော်ထူးအောင် (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၀ ဦး၊ ဂျူဒိုအားကစားအဖွဲ့ မှ ဦးထွေးဦး (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/ နည်းပြ၊ အားကစားသမား ၁၇ ဦး၊ ကရာတေးအားကစားအဖွဲ့ မှ ဦးကျော်ကျော်မိုး (အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၂ ဦး စုစုပေါင်း အင်အား (၄၂)ဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း လိုင်း (MAI) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာသွားသည်။
ဆက်လက်၍ ရွက်လှေအားကစားအဖွဲ့ မှ ဦးစည်သူမိုးမြင့်(အုပ်ချုပ်သူ)ခေါင်းဆောင်သော အုပ်ချုပ်/နည်းပြ၊ အားကစားသမား ၁၇ ဦးတို့သည် နေ့လယ်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း(MAI)ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့သို့ ထွက်ခွာသွားသည်။
အဆိုပါအားကစားအဖွဲ့များကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများက လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်းသိရသည်။


