![]()
(၃)နိုင်ငံဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
ရန်ကုန် ၊ အောက်တိုဘာလ ၇
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၇ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် Lincang မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃) နိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲသို့ မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းမှ အုပ်ချုပ်သူ ၊ နည်းပြ(၃)ဦးနှင့် အားကစားသမား(၁၇)ဦး ၊ စုစုပေါင်းအင်အား(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်၊ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ အားကစား နှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ ဒုတိယကျောင်းအုပ်ကြီးများ၊ မိဘဆွေမျိုး၊ မိတ်သင်္ဂဟများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများ၊ အားကစားဝါသနာရှင် ပရိသတ်များ က အိုးစည်၊ ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ အောင်ပွဲရ မြန်မာ(ISPE FC) အမျိုးသားဘောလုံးအသင်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ပြည်လမ်းမကြီး ၊ အင်းလျားလမ်း ၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဆရာစံလမ်းများမှ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျိုက္ကဆံအားကစားကွင်း ဂိတ်နံပါတ်(၉)သို့ ပြန်လည်ဝင်ရောက်လာခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများက အောင်သပြေပန်းခက်များနှင့် ဂုဏ်ယူစွာဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။


