![]()
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် (၄)တို့၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာန ပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲများကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲတတိယလုပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက နိုင်ငံခြားရေးဝန်ကြီးဌာန အသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ တတိယလု ပွဲစဉ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းက (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲတွင် စတုတ္ထဆုများရရှိခဲ့သည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနအသင်းတို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးကျော်ဆန်းဦးနှင့် ဦးမြင့်ထွေးတို့က လည်းကောင်း၊ တတိယဆုများရရှိခဲ့သည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့ကလည်းကောင်း၊ ဒုတိယဆုများရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းတို့ကို ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးဉာဏ်ဇော်ဦးနှင့် ဦးလှအောင်တို့ကလည်းကောင်း၊ ပထမဆုများရရှိခဲ့သည့် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ကို အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေနှင့် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူတို့က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။






အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ တတိယလုပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၁၂)မှတ် (၄)မှတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲစဉ်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို (၃၀)မှတ် (၉)မှတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိခဲ့သည့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမျိုးကျော်သူကလည်းကောင်း၊ တတိယဆုရရှိခဲ့သည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးသိန်းလွင်ကလည်းကောင်း၊ ဒုတိယဆုရရှိခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်ကလည်းကောင်း၊ ပထမဆုရရှိခဲ့သည့် နယ်စပ်ရေးရာဝန်ကြီး ဌာနအသင်းကို နယ်စပ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးအောင်မျိုးတို့ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။






ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး၊ ပူးပေါင်းဆောင်ရွက်မှုရှိစေရေး၊ လုပ်ငန်းခွင် ပျော်ရွှင်စေရေးနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုများ ပြုလုပ်နိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲ များ၊ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ၊ ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲနှင့် ပြေးခုန်ပစ်(မီတာ ၁၀၀၊၂၀၀၊ ၄၀၀၊ ၈၀၀)အပြေးပြိုင်ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၊ (၃)နှင့် (၄)တို့၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။