![]()
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများဆက်လက်ကျင်းပ
နေပြည်တော်၊ ဇန်နဝါရီလ ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ၊ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ၊ ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများကို ယနေ့နံနက်(၇)နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၊ (၃)နှင့် (၄)တို့၌ ကျင်းပခဲ့သည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် နံနက် ၈ နာရီမှစတင်၍ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ လွန်ဆွဲ (အမျိုးသမီး) ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အသင်းက နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ လွန်ဆွဲ(အမျိုးသား)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အသင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ကျင်းပလျက်ရှိသည့် ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာန အသင်းကို(၂၄)မှတ် (၀)မှတ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၁၈)မှတ် (၆)မှတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ယင်းနောက် လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ဝန်ကြီးဌာနပေါင်းစုံ ခေါင်းအုံးရိုက် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ အပြေးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ခေါင်းအုံးရိုက် အမျိုးသား ပြိုင်ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ နိုင်မင်သန့်က ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ရှင်းသန့်တိုးက ဒုတိယနှင့် တိန်မင်းလွင်က တတိယ၊ ခေါင်းအုံးရိုက် အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ ဖြူဖြူအောင်က ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဧကရီဝင်းမြင့်က ဒုတိယနှင့် သွယ်သွယ်ဝင်းက တတိယ၊ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နွေဦးခိုင်က ပထမနှင့် အိအိဖြိုးတို့က ဒုတိယ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကေဇင်ဖြိုးက တတိယ၊ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောင်းဆက်ဇော်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇော်ဇော်ထွဋ်က ဒုတိယ၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တိုးဝေအောင်က တတိယ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ နွေဦးခိုင်က ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အေးစန္ဒာဝင်းက ဒုတိယနှင့် ခိုင်သဇင်ဦးက တတိယ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကောင်းဆက်ဇော်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ မျိုးကိုကိုက ဒုတိယနှင့် ဇော်ဇော်ထွဋ်က တတိယ၊ အမျိုးသမီး မီတာ ၄၀၀ ပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ လိမာဖိုးက ပထမနှင့် ဖြူဖြူထွေးက ဒုတိယ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနမှ မိုးမိုးဇော်က တတိယ၊ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထွန်းလင်းဦးက ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဟန်မင်းစိုးက ဒုတိယ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စိုင်းဝေဖြိုးလင်းက တတိယ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ နှင်းရွှေရည်က ပထမ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ထားသဉ္ဇာအေးက ဒုတိယ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ခိုင်ဖူးဝေက တတိယ၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သော်တာထွန်းက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ စိန်ထွန်းက ဒုတိယ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ လှမြင့်သိန်းက တတိယဆုများရရှိခဲ့ကြသူများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက်(၈)နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၄)၌ ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသမီး)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့အသင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ (အမျိုးသား)ပြိုင်ပွဲ တတိယလုပွဲ ပွဲစဉ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများ အနေဖြင့်မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။




