အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက်ကျင်းပ (၁၀-၈-၂၀၂၆)

နေပြည်တော်၊ ဩဂုတ် ၁၀

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ” ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို (၅)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းက အားကစားရေးရာဝန်ကြီးဌာနအသင်းကို (၂)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို (၃)ဂိုး(၂)ဂိုးဖြင့်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ပြိုင်ပွဲများ (၁)ရက်နားမည်ဖြစ်ပြီး ၁၂ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ (အမျိုးသား) ဆီမီးဖိုင်နယ် ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။