![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များ စတင်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၆
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ မျိုးဆက်သစ်အမျိုးသမီး ဘောလုံးအားကစားသမားများပေါ်ထွက်လာစေရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင် အားကစားကွင်း၌လည်းကောင်း၊ ဇုန်(၄)ဇုန်ခွဲ၍ အသီးသီး ကျင်းပခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်(၄)ဇုန်အလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အကြီးအကဲပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင် အင်အား (၃၇၀၀)ကျော်ခန့် တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ယနေ့ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စု ပတ်လည် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင် ကရင်ပြည်နယ် အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ်အသင်းက ကယားပြည်နယ် အသင်းကို (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ အားကစားဥယျာဉ်ကွင်း၌ အိမ်ရှင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပဲခူးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို (၅)ဂိုး ဂိုးမရှိဖြင့်လည်း ကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်း၌ အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းက မွန်ပြည်နယ်အသင်းကို (၄)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိ ခဲ့သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီမှစတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်း၊ ရှမ်းပြည် နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ကချင်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားဖြစ်သည်။
အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြိုင်ပွဲကာလ(၁၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အုပ်စုပွဲစဉ်များကို ဘားအံ၊ တောင်ကြီး၊ ပဲခူး၊ ပုသိမ်မြို့တို့ရှိ သက်ဆိုင်ရာ အားကစားကွင်းများ၌ လည်းကောင်း၊ ရှုံး/ထွက် ပွဲစဉ်မှစတင်၍ ဗိုလ်လုပွဲ ပွဲစဉ်အထိ ပြိုင်ပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၊ ပဒေသာကွင်း၊ သန်လျင်ကွင်းနှင့် ပဒုမ္မာကွင်းတို့၌ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသမီးအသင်း(၁၄)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၃၃၄)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


