![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကျင်းပ
နေပြည်တော်၊ ဇွန် ၁၈
ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅)နှစ်အောက် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှ စတင်၍ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
ယနေ့ ဘော်လီဘော(အမျိုးသမီး) အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းက ကချင် ပြည်နယ်အသင်းကို ၃ ပွဲ ၂ ပွဲဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) အကြိုဗိုလ်လုပွဲ ပွဲစဉ် များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၃ ပွဲ ၁ ပွဲ ဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံ၌ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ (အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နံနက် ၈ နာရီအချိန်တွင် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဘော်လီဘော(အမျိုးသား)ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် နံနက် ၁၀ နာရီအချိန် တွင် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပသွားမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။


