အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကျင်းပ

ရန်ကုန်၊ မေ ၂၉

မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာစေရန်၊ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားရေးရာဝန်ကြီးဌာနမှကြီးမှူးပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်း ဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ယနေ့မွန်းလွဲ ၃ နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၊ သန်လျင်မြို့နယ် သီဟဒီပအားကစားကွင်း နှင့် စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတို့တွင် ကျင်းပခဲ့ရာ အားကစားရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးအားကစား ဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လူငယ်အားကစား လေ့ကျင့်ရေးစခန်း သုဝဏ္ဏဘောလုံးလေ့ကျင့်ရေးကွင်း(၁) (စက်ဘီးကွင်း)တွင် ကရင်ပြည်နယ် အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကရင်ပြည်နယ် အသင်းက မွန်ပြည်နယ်အသင်းကို (၆)ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်းတွင် နေပြည်တော်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ ရာတွင်လည်း ဧရာဝတီတိုင်းဒေသကြီးအသင်းက နေပြည်တော်အသင်းကို (၂)ဂိုး ဂိုးမရှိ ဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်းတွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၃)ဂိုး (၂)ဂိုးဖြင့်လည်းကောင်း၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ကချင်ပြည်နယ် အသင်းနှင့် ချင်းပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ပွဲပြီးဆုံးချိန်တွင် ကချင်ပြည်နယ် အသင်းက ချင်းပြည်နယ် အသင်းကို (၁)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင် ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက် နားမည်ဖြစ်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် မေလ(၃၁)ရက်နေ့၊ မွန်းလွဲ(၃)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး အသင်း၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရသည်။