အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (၄)ယောက်တွဲ အဖွဲ့လိုက် (အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ (အမျိုးသမီး)ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်

နေပြည်တော်၊ စက်တင်ဘာ ၁

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။

ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ပဲခူးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို (၂)ပွဲ (၁)ပွဲဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

အလားတူ ပိုက်ကျော်ခြင်း(အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို (၂)ပွဲ (၁)ပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့်လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ် ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပိုက်ကျော်ခြင်း(အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ် အသင်း၊ မွန်းလွဲ ၃ နာရီတွင် ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက် ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရုပ်သံလိုင်းများ ဖြစ်သည့် MRTV-4 HD, MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။