![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲများ ဆက်လက်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၀
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(C)၌ ကျင်းပခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ အတိုက်ပွဲစဉ်များအဖြစ် အမျိုးသား (-၄၂၊ -၅၀၊ -၅၅၊ – ၆၀) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ အမျိုးသမီး (-၄၂၊ -၅၂၊ -၆၃) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များလည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသား (-၄၂၊ -၅၀၊ -၅၅၊ – ၆၀) ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (-၄၂) ကီလိုတန်း ပြိုင်ပွဲ ပွဲစဉ်တွင် မင်းခန့်ကျော်(ကရင်)နှင့် ဝေယံလင်း(ရန်ကုန်)တို့ ယှဉ်ပြိုင်ခဲ့ရာ ဝေယံလင်း (ရန်ကုန်)က မင်းခန့်ကျော်(ကရင်)ကိုလည်းကောင်း၊ (-၅၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ခိုင်ခန့်(ရန်ကုန်)နှင့် စောလင်းလက်ကြယ်စင်(ကရင်)တို့ ယှဉ်ပြိုင်ခဲ့ရာ ခိုင်ခန့်(ရန်ကုန်)က စောလင်းလက်ကြယ်စင် (ကရင်) ကိုလည်းကောင်း၊ (-၅၅) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ဖြိုးမာန်နိုင်(ကယား)နှင့် ဇော်မျိုးထက် (မန္တလေး)တို့ ယှဉ်ပြိုင်ခဲ့ရာ ဖြိုးမာန်နိုင်(ကယား)က ဇော်မျိုးထက် (မန္တလေး)ကိုလည်းကောင်း၊ (-၆၀) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် နိုင်ဟိန်းထက်(မန္တလေး)နှင့် ဝေလင်းထွေး(ဧရာဝတီ)တို့ ယှဉ်ပြိုင်ခဲ့ရာ ဝေလင်းထွေး (ဧရာဝတီ) က နိုင်ဟိန်းထက်(မန္တလေး)ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသမီး (-၄၂၊ -၅၂၊ -၅၇ -၆၃) ကီလိုတန်းပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (-၄၂) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် ကြည်လဲ့လဲ့ထွန်း(ရှမ်း)နှင့် အိချစ်ဆုစံ(ရန်ကုန်)တို့ ယှဉ်ပြိုင်ခဲ့ရာ အိချစ်ဆုစံ(ရန်ကုန်)က ကြည်လဲ့လဲ့ထွန်း(ရှမ်း)ကိုလည်းကောင်း၊ (-၅၂) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် မေဇင်ဖြိုး(ကချင်)နှင့် နှင်းဝတ်မှုံလွင်(ဧရာဝတီ)တို့ ယှဉ်ပြိုင်ခဲ့ရာ နှင်းဝတ်မှုံလွင်(ဧရာဝတီ)က သဇင်ဖြိုး (ကချင်)ကိုလည်းကောင်း၊ (-၅၇) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် နန်းမိုးပွင့်ဖြူ(ကရင်)နှင့် ဘမ်းတောင် (ကချင်)တို့ ယှဉ်ပြိုင်ခဲ့ရာ ဘမ်းတောင်(ကချင်)က နန်းမိုးပွင့်ဖြူ (ကရင်)ကိုလည်းကောင်း၊ (-၆၃) ကီလိုတန်းပြိုင်ပွဲ ပွဲစဉ်တွင် သီတာအောင်(ပဲခူး)နှင့် စန္ဒာဝင်း(ချင်း)တို့ ယှဉ်ပြိုင်ခဲ့ရာ စန္ဒာဝင်း(ချင်း)က သီတာအောင်(ပဲခူး)ကိုလည်းကောင်း၊ အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး (-၅၇)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဘမ်းတောင်(ကချင်)၊ ဒုတိယဆုရရှိသည့် နန်းမိုးပွင့်ဖြူ (ကရင်)၊ တတိယဆုရရှိသည့် ခင်ထွေးထွေးအောင်(မန္တလေး)နှင့် ပူးတွဲတတိယဆုရရှိသည့် ငွေအိမ်စံ (ရှမ်း)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးကလည်းကောင်း၊ အမျိုးသမီး (-၆၃)ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် စန္ဒာဝင်း(ချင်း)၊ ဒုတိယဆုရရှိသည့် သီတာအောင်(ပဲခူး)၊ တတိယဆုရရှိသည့် ခိုင်ဇင်ထက်(မန္တလေး)နှင့် ပူးတွဲတတိယဆုရရှိသည့် နန်းနုနုခေါင်(ရှမ်း)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်ကလည်းကောင်း၊ အမျိုးသား (-၅၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဖြိုးမာန်နိုင်(ကယား)၊ ဒုတိယဆုရရှိသည့် ဇော်ဖြိုးထက် (မန္တလေး)၊ တတိယဆုရရှိသည့် မင်းဇော်ဟိန်း(ရခိုင်)နှင့် ပူးတွဲတတိယဆုရရှိသည့် ခွန်နေလင်းအောင် (ရှမ်း)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၏ဇနီး ဒေါ်ဝေဝေကလည်းကောင်း၊ အမျိုးသား(-၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဝေလင်းထွေး (ဧရာဝတီ)၊ ဒုတိယဆုရရှိသည့် နိုင်ဟိန်းထက်(မန္တလေး)၊ တတိယဆုရရှိသည့် တင်မိုး(နေပြည်တော်)နှင့် ပူးတွဲတတိယဆုရရှိသည့် ဟိန်းဆက်(ကယား)တို့ကို မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲ Mix Team အသင်းလိုက် အတိုက်ရှုံးထွက်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား(+၆၃၊ -၆၀၊ -၇၃) ကီလိုတန်းပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များ၊ တတိယလုပွဲ ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင်ပါကြောင်းနှင့် အဆိုပါ ဗိုလ်လုပွဲ ပွဲစဉ်များနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာအသံနှင့် ရုပ်မြင်သံကြား ရုပ်သံလိုင်းများဖြစ်သည့် MRTV HD, MRTV Sports Channel နှင့် MRTV Entertainment တို့တွင် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။




