![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၆
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြိုင်ပွဲဝင်အားကစားသမားများအား လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ဦးစွာ အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးသိန်းသန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် အားကစားရေးရာဝန်ကြီးဌာန အနေဖြင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူဖြစ်စေရေး၊ လူငယ်မျိုးဆက်သစ် ဂျူဒိုအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ဂျူဒိုအားကစားနည်းကို ပြည်သူများစိတ်ဝင်စားမှုရှိလာပြီး ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဂျူဒိုအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ် ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်ဂျူဒို (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်း များနှင့်အညီ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ အနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျ ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးသွားကြစေလိုကြောင်း၊ မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများအနေဖြင့် အုပ်ချုပ်သူ/နည်းပြများကို စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ သေသေချာချာ ကြိုတင်ရှင်းလင်း ပြောကြားထားရန်လိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်၊ အမျိုးသားတံခွန်စိုက်ဆုဖလား၊ အမျိုးသမီး တံခွန်စိုက်ဆုဖလားနှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများအပြင် ဆုကြေးငွေများ၊ အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက် (သို့မဟုတ်) ပြိုင်ပွဲရက် များတွင် ယူနီဖောင်း သို့မဟုတ် အသင်းဝတ်စုံအပြည့် ဝတ်ဆင်ထားစေလိုကြောင်း ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)၊ အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲ၊ အားကစားဆေးဘက်ဌာနခွဲ၊ ဂျူဒိုအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်စားသောက်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒို(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ပြိုင်ပွဲ ကာလ(၄)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း (၁၅)သင်း၊ အမျိုးသမီးအသင်း (၁၄)သင်း၊ ပြိုင်ပွဲဝင်အင်အားစုစုပေါင်း (၂၃၈)ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


