အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန် ၁၀

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာ‌စေရန် ရည်ရွယ်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အထူး ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆုရအားကစားသမား များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီးနောက် ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ ခင်ငြိမ်းစံနှင့်ယဉ်ဝေခိုင်တို့အတွဲ၊ ဒုတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ စန္ဒာအောင်နှင့်အိသင်ဇာအောင်တို့အတွဲ၊ တတိယဆုရရှိသည့်(ရှမ်းပြည်နယ်)မှ ဟိန်းသံစဉ်နှင့်နန်းထက်ထက်မွန်တို့အတွဲ၊ ပူးတွဲတတိယဆုရရှိသည့် (ပဲခူးတိုင်း ဒေသကြီး)မှ သက်မှူးစံနှင့်နုဖြိုးလှိုင်တို့အတွဲတို့ကို မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်ကလည်းကောင်း၊ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်း ဒေသကြီး)မှ တက်နေလင်းနှင့်ရဲရင့်သူတို့အတွဲ၊ ဒုတိယဆုရရှိသည့်(မွန်ပြည်နယ်)မှ မင်းအောင်ဘုန်းပြည့်သျှံ နှင့်အလင်းခတို့အတွဲ၊ တတိယဆုရရှိသည့်(မန္တလေးတိုင်းဒေသကြီး)မှ ကျော်ခန့်နိုင်နှင့်ဟောင်းလွမ်းတို့ အတွဲ၊ ပူးတွဲတတိယဆုရရှိသည့်(မကွေးတိုင်းဒေသကြီး)မှ အောင်ခန့်နှင့်အောင်ထက်ဦးတို့အတွဲတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်ကလည်းကောင်း၊ အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး)မှ ကျော်ခန့်နိုင်နှင့် အိမ့်သဇင်ဖူးတို့အတွဲ၊ ဒုတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ အလင်းခနှင့်အိသင်ဇာမောင်တို့အတွဲ၊ တတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ တက်နေလင်းနှင့်ထက်ဦးဝေတို့အတွဲ၊ ပူးတွဲတတိယဆု ရရှိသည့် (မန္တလေးတိုင်းဒေသကြီး)မှ ဟောင်းလွမ်းနှင့် နှင်းရူပါခင်တို့အတွဲတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးမျိုးမြင့်အောင်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ ဂျူးရတီလွင်၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)မှ ခင်ငြိမ်းစံ၊ တတိယဆုရရှိသည့် (ရန်ကုန် တိုင်းဒေသကြီး)မှ ထက်ဦးဝေနှင့် ပူးတွဲတတိယဆုရရှိသည့် (စစ်ကိုင်းတိုင်းဒေသကြီး) နန္ဒာအေးချမ်း တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) မှ ကျော်ခန့်နိုင်၊ ဒုတိယဆုရရှိသည့် (တနင်္သာရီတိုင်းဒေသကြီး)မှ ခန့်မင်းကို၊ တတိယဆုရရှိသည့် (မွန်ပြည်နယ်)မှ အလင်းခနှင့် ပူးတွဲတတိယဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ အောင်ခန့်တို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင် ကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်းကလည်းကောင်း၊ အမျိုးသား အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် မန္တလေး တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် ပူးတွဲတတိယဆုရရှိသည့် တနင်္သာရီ တိုင်းဒေသကြီးအသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုကြေးငွေများကို အသီးသီး ပေးအပ်ချီးမြှင့် ခဲ့သည်။

ထို့နောက် အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုရရှိသည့် (မကွေးတိုင်းဒေသကြီး)မှ ဂျူးရတီလွင်နှင့် အကောင်းဆုံး အမျိုးသားအားကစားသမားဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး)မှ ကျော်ခန့်နိုင်တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်က Trophy နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရွှေတံဆိပ် (၂)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့် အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရွှေတံဆိပ်(၂)ခုဖြင့် အမျိုးသားတံခွန်စိုက် ဆုဖလားရရှိသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေး တံဆိပ်(၁)ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသွားသည့်ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက စုပေါင်းတံခွန်စိုက်ဆုဖလားပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီး နှင့်ပြည်နယ် စားပွဲတင်တင်းနစ်ပြိုင်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမားအင်အား ၁၅၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။