အားကစားရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်နောက်ဆုံးအဆင့်ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၃

ဘောလုံးအားကစားအဆင့်အတန်းပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မျိုးဆက်သစ် အမျိုးသမီး ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ”ကို ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင် အားကစား ကွင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းတို့၌ ဇုန်များခွဲ၍ အသီးသီး ကျင်းပခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ” ယှဉ်ပြိုင်ကစားနေမှုများကို သက်ဆိုင်ရာ ဇုန်များအလိုက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ အကြီးအကဲပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အကြီးအကဲများနှင့် ပြိုင်ပွဲကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” အုပ်စု ပတ်လည်နောက်ဆုံးအဆင့် ပွဲစဉ်များအဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင်ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကရင် ပြည်နယ်အသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၆)ဂိုး (၁)ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ အိမ်ရှင် ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်း ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၅)ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့များတွင် ပြိုင်ပွဲ (၂)ရက်နားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် မွန်းလွဲ ၃ နာရီမှစတင်၍ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ” ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ကွင်း၌ ကရင်ပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာကွင်း၌ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏရှိ လေ့ကျင့်ရေးကွင်း(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများ အနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။