![]()
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း (အမျိုးသား) (၄) ယောက်တွဲပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် (အမျိုးသမီး) ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းတို့ ပထမရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိ၊ ရွှေတံဆိပ် ၂ ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းနှင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုတို့ဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆွတ်ခူးရရှိ
နေပြည်တော်၊ စက်တင်ဘာ ၂
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီမှစတင်၍ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပခဲ့သည်။
ယနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း(အမျိုးသမီး) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခတ်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း၊ ပိုက်ကျော်ခြင်း(အမျိုးသား) (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ခတ်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂)ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အတိုးတက်ဆုံး အမျိုးသမီး အားကစားသမားဆုကို ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၁) ဖြိုးစန္ဒာအောင်ကလည်းကောင်း၊ အတိုးတက်ဆုံး အမျိုးသား အားကစားသမားဆုကို မန္တလေးတိုင်းဒေသကြီးအသင်းမှ ကျောနံပါတ် (၇) ဇင်မျိုးထက်ကလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုကို မွန်ပြည်နယ်အသင်းမှ ကျောနံပါတ် (၂) နန်းခိုင်သဇင်ဦးကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
ပိုက်ကျော်ခြင်း အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက ပထမ၊ မကွေးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ရခိုင်ပြည်နယ်အသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက ပထမ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ပထမ၊ စစ်ကိုင်း တိုင်းဒေသကြီးအသင်းက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပထမ၊ ရန်ကုန်တိုင်းဒေသကြီး အသင်းက ဒုတိယ၊ ကရင်ပြည်နယ်အသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ရန်ကုန် တိုင်းဒေသကြီးအသင်းက တတိယဆုကိုလည်းကောင်း၊ အမျိုးသား (၄)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပထမ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ဒုတိယ၊ ပဲခူးတိုင်းဒေသကြီး အသင်းက တတိယဆုကိုလည်းကောင်း၊ ရွှေတံဆိပ် (၂)ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားကို မွန်ပြည်နယ်အသင်းကလည်းကောင်း၊ ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ်(၁)ခုတို့ဖြင့် အမျိုးသား တံခွန်စိုက် ဆုဖလားကို ရန်ကုန်တိုင်းဒေသကြီးအသင်းကလည်းကောင်း အသီးသီး ဆွတ်ခူးရရှိခဲ့ပြီး ပြိုင်ပွဲများ အပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ “၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ”ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ ၁၀ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အမျိုးသားအသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၃၃၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


