အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ် (၁၄ : ၀၀) နာရီအချိန်တွင်ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် နှင့် တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်(၂၇)ဖွဲ့မှ ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ ၊ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ လမ်းညွှန်မှာ ကြားချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် တွေ့ဆုံညှိနှိုင်းရခြင်း ဖြစ်ကြောင်း ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများနှင့်ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူ ဖြစ်စေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များနှင့် ဝန်ကြီးဌာနများမှ လူငယ်မျိုးဆက်သစ် အားကစား သမားများ ပေါ်ထွက်လာစေရေး၊ ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေးနှင့် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မား လာစေရေးအတွက် ဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစား ပြိုင်ပွဲများကို အားကစားနည်း ၂၉ နည်း ၊ ပြိုင်ပွဲ ၃၃ ပွဲဖြင့် ရန်ကုန်မြို့ ၊ ပဲခူးမြို့၊ ဘားအံမြို့၊ တောင်ကြီး မြို့ နှင့် ပုသိမ်မြို့ တို့တွင် လည်းကောင်း ၊ ဝန်ကြီးဌာနပေါင်းစုံအားကစားပြိုင်ပွဲ များကို အားကစားနည်း ၆ နည်း ၊ ပြိုင်ပွဲ ၇ ပွဲဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပပြုလုပ်သွားရန်လျာထားတင်ပြ ထားပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများနှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် အငြင်းပွားမှုများမဖြစ်စေရေးအတွက် စည်းမျဉ်း/စည်းကမ်းများအား အချိန်မီ ကြိုတင် ဖြန့်ဝေနိုင်ရေးအတွက် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များအနေဖြင့် တိတိကျကျ သတ်မှတ် ရေးဆွဲ ပေးပို့ စေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရေးမှ ထုတ်ပေးသည့် မျိုးဆက်သစ်အားကစား သမားရွေးချယ်ရေး ဇယားများအား ပြည့်စုံစွာဖြည့်စွက်ပြီး ပြိုင်ပွဲကျင်းပပြီးသည့်ရက်မှ တစ်ပတ် အတွင်းပြန်လည် ပေးပို့စေလိုကြောင်း၊ ပြိုင်ပွဲများနှင့်ပတ်သက်သည့် စည်းမျဉ်း/ စည်းကမ်း၊ ပြိုင်ပွဲအမျိုးအစား၊ ဆုတံဆိပ်ရေတွက်မှုများနှင့် ဒိုင်ဂျူရီအဖြစ်တာဝန်ထမ်းဆောင်မည့် ဒိုင်လူကြီးစာရင်း များအား အစည်းအဝေးပြီးသည့် တစ်ပတ် အတွင်း ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)သို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစား သမားများရွေးချယ်ရာတွင် ရေရှည်အတွက်ရည်မှန်းချက်ထား၍ ထူးချွန်သည့် မျိုးဆက်သစ်အားကစား သမားများအား ရွေးချယ်ပြီး အဖွဲ့ချုပ်များနှင့် Youth Camp တွင် စခန်းသွင်းလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် က ပြိုင်ပွဲ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ သက်ဆိုင်ရာအားကစားနည်းများအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြိုင်ပွဲကျင်းပမည့်ရက်၊ ပြိုင်ပွဲအမျိုးအစားများ၊ ပြိုင်ပွဲ စည်းမျဉ်း/ စည်းကမ်းများ ၊ အသက်ကန့်သတ်ချက်များ ၊ မျိုးဆက်သစ် အားကစားသမားများရွေးချယ်နိုင်ရေး ကိစ္စရပ်များ၊ ပြိုင်ပွဲတွင်လိုအပ်သည့် ပြိုင်ပွဲသုံးပစ္စည်းများရရှိရေး ၊ သယ်ယူပို့ဆောင်ရေး၊ တည်းခိုနေထိုင်စားသောက်ရေး၊ ကျန်းမာရေးအတွက် ဆေးအကာအကွယ် ပေးရေး၊ ဒိုင်လူကြီး တာဝန်ထမ်းဆောင်နိုင်ရေး၊ ဖွင့်ပွဲ/ပိတ်ပွဲကိစ္စရပ်များနှင့် အခြားလိုအပ်သည့် ကိစ္စရပ်များကို တင်ပြ ဆွေးနွေးပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ထပ်မံဖြည့်စွက် ဆွေးနွေးပြီး လိုအပ်ချက်များအား ဆက်လက်တင်ပြ ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။