၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား ဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ဩဂုတ်လ ၂၁ ရက်၊ တောင်ကြီးမြို့
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနားကို (၁၉.၈.၂၀၂၅)ရက်နေ့ (၁၅:၃၀)အချိန်တွင် တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရကာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း ၊ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဆန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်း၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနများမှ အုပ်ချုပ်သူ/နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ရှမ်းပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ၊ အခုလိုတိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများဟာ အားကစားသမားတွေရဲ့အရည်အသွေးကို မြှင့်တင်ပေးနိုင်သလို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုလည်းတိုးပွားစေပါကြောင်း ၊ ယခုလို ရှမ်းပြည်နယ်အနေနဲ့ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိတဲ့အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်မှာရှိတဲ့ အားကစားသမားအသီးသီးရဲ့ မတူကွဲပြားတဲ့ကစားပုံကစားဟန်တွေကို လေ့လာဖလှယ်နိုင်စေခြင်း ၊ မြေပြန့်ဒေသနှင့်တောင်ပေါ်ဒေသမခွဲခြားဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေနိုင်ခြင်း ၊ ဒေသအသီးသီးကပြိုင်ပွဲဝင်များအနေဖြင့်လည်း ရှမ်းပြည်နယ်ရဲ့ယဥ်ကျေးမှုဓလေ့စရိုက် ဒေသန္တရဗဟုသုတများလေ့လာခွင့်ရရှိစေခြင်း စတဲ့ ရင်းနှီးမှုတွေရရှိမှာဖြစ်ကြောင်း ၊ လူမျိုးပေါင်းစုံနေထိုင်တဲ့ ရှမ်းပြည်နယ်အတွက်ရော တစ်နိုင်ငံလုံးအတွက်ပါ အားကစားဟာအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါကြောင်း ၊ အားကစားအောင်မြင်မှုကနေ မိမိတို့ကိုယ်စားပြုတဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် တွေရဲ့ စည်းလုံးညီညွှတ်မှုကိုပြသနိုင်မှာဖြစ်ကြောင်း ၊ နိုင်ငံတော်အကြီးအကဲမှလည်း အားကစားသည် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့်စည်းလုံးညီညွှတ်မှုကိုဖြစ်ပေါ်စေပြီး အားကစားမြှင့်တင်ခြင်းသည်နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ခြင်းပင်ဖြစ်ကြောင်း ၊ လမ်းညွှန်ထားရှိသည့်နည်းတူပြိုင်ပွဲဝင်အသင်းများအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသော တာဝန်ကြီး(၄)ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး ကမ္ဘာ့အလယ်တွင် မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့် ၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်ထိတက်လှမ်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်ရေးတို့အတွက် တစ်ထောင့်တစ်နေရာက ဝိုင်ဝန်းကြိုးပမ်းအကောင်အထည်ဖော်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသွားကာ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး လ္ဘက်ရည်/အချိုပွဲများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိခဲ့ရပါသည်။
အဆိုပါ ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားဖူဆယ်ပြိုင်ပွဲကို ၂၀.၈.၂၀၂၅ ရက်နေ့မှ ၂၇.၈.၂၀၂၅ရက်နေ့ထိ ပြိုင်ပွဲဝင်အမျိုးသားအသင်း(၁၅)သင်း ၊ စုစုပေါင်းကစားသမားအင်အား (၂၈၄)ဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရကာ ရှမ်းပြည်နယ်အတွင်းဖူဆယ်အားကစားဝါသနာရှင်မိဘပြည်သူများ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်းသိရှိခဲ့ရပါသည်။


