အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြည့်ရှုအားပေး

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ဘော်လီဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သော၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ရှမ်းပြည်နယ်အမျိုးသားအသင်းရဲ့ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်အဖြစ် ရှမ်းပြည်နယ်အမျိုးသားအသင်း နှင့် မကွေးတိုင်းဒေသကြီးအသင်းတို့သည် ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ယှဉ်ပြိုင်ကစားလျက်ရှိရာ အဆိုပါပွဲစဉ်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်မိုး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း နှင့် ရှမ်းပြည်နယ်ဘော်လီဘောအားကစားဝါသနာရှင်မိဘပြည်သူများတက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိခဲ့ရပါသည်။

ယနေ့ ကွာတားဖိုင်နယ် ရှုံးထွက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိသော ရှမ်းပြည်နယ်အမျိုးသားအသင်းက မကွေးတိုင်းဒေသကြီးအမျိုးသားအသင်းကို ၂၅:၂၂ မှတ်၊ ၂၅:၁၁ မှတ်၊ ၂၅:၁၈ မှတ်ဖြင့် (၃)ပွဲ ပြတ်ဖြင့်အနိုင်ရရှိခဲ့ကြောင်းသိရှိခဲ့ရပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ယနေ့ ပွဲစဥ်တွင်အနိုင်ရရှိသွားသော အမျိုးသားအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းတိတိကိုပေးအပ်ခဲ့ပါသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဥက္ကဌ ဦးအောင်သန်းကျော်က (၃)သိန်းကိုထပ်ဆောင်းချီးမြှင့်ပေးခဲ့ပြီးရှမ်းပြည်နယ်အတွင်းရှိ ဘော်လီဘောအားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရှိခဲ့ရပါသည်။