၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး) ပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူ/နည်းပြများနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (Squash Room)၌ ကျင်းပခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာ စကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ထုပ်ဆီးတိုး(အမျိုးသမီး)ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အစီအစဉ်များနှင့် သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများကို ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနများမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက် ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ပြင်ဆင်ဖြည့်စွက် အကြံပြုလိုသည့်အချက်များရှိပါက မိမိတို့ဝန်ကြီးဌာနသို့ တရားဝင်စာဖြင့် ပြန်လည်ပေးပို့သွားရန်နှင့် တာဝန်ရှိသူများထံ ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများအတိုင်း ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြရမည်ဖြစ်ကြောင်း၊ အတည်ပြုပြီးသော အားကစားသမားများအား ထပ်မံ၍ကန့်ကွက်ခြင်းများ မပြုလုပ်ရန်နှင့် လူစားလဲလှယ်ပြီး ဝင်ရောက်ကစားခြင်းများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း၊ ပြိုင်ပွဲတွင် အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ခိုက်ရန်ဖြစ်ပွားခြင်းများ၊ ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှုမရှိပါက ဆဲရေးတိုင်းထွာခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ခဲ့ပါက ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်ခြင်းမရှိဘဲ တရားမျှတစွာဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ အသင်းအုပ်ချုပ်သူ/နည်းပြများမှ မိမိတို့ပြိုင်ပွဲဝင်အားကစားသမားများ စည်းကမ်းရှိရှိ စနစ်တကျဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲပြိုင်ပွဲတွင် (အမျိုးသား) ၂၂ သင်း၊(အမျိုးသမီး) ၂၂သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ၃၀-၁၂-၂၀၂၄ ရက် နေ့မှ ၃-၁-၂၀၂၅ ရက်နေ့အထိ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း (၃) တွင်လည်းကောင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲတွင် အမျိုးသမီး ၂၃ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲများကို ၂၉-၁၂-၂၀၂၄ ရက်နေ့မှ ၃-၁-၂၀၂၅ ရက် နေ့အထိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း (၁)နှင့် (၂)ကြားတွင်လည်းကောင်း ကျင်ပသွားမည်ဖြစ်ကြောင်း သိရသည်။