အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများနှင့် ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ ၉

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းနှင့် အသင်းအုပ်ချုပ်သူများ ပေါင်းစပ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အားကစားဥယျာဉ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပ ခဲ့သည်။

အစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဘောလုံး အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ဘောလုံးအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေးနှင့် မျိုးဆက်သစ် အားကစားသမားများစွာ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲအား သတ်မှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများမှ အသင်းအုပ်ချုပ်သူ/နည်းပြများ အနေဖြင့် မိမိအားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်၊ သွားလာရေးကိစ္စရပ်များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ရာတွင် စည်းကမ်းတကျ ရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆုရရှိသည့် အားကစားသမားများအား ဆုတံဆိပ်၊ ဆုဖလားများအပြင် ဆုကြေးငွေများ ချီးမြှင့်ပေး သွားမည်ဖြစ်ပြီး တစ်ဦးချင်းအကောင်းဆုံး အားကစားသမားဆု၊ တံခွန်စိုက်ဒိုင်းဆုနှင့် ဆုကြေးငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်သည့် အသင်းအုပ်ချုပ်သူများအနေဖြင့် ရုံးဖွင့်ရက်နှင့် ပြိုင်ပွဲရက်များတွင် ယူနီဖောင်း(သို့မဟုတ်)အသင်းဝတ်စုံအပြည့် ဝတ်ဆင်ထားစေလို ကြောင်း၊ ပြိုင်ပွဲကျင်းပရေးသို့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့် ပတ်သက်သည့် တင်ပြစရာများ ရှိပါက အသင်းအုပ်ချုပ်သူမှတစ်ဆင့် သတင်းပို့ တင်ပြဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အသင်း အုပ်ချုပ်သူ/နည်းပြများက ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စရပ်များ၊ စားသောက်တည်းခိုနေထိုင်ရေး၊ မော်တော်ယာဉ်(ကြို/ပို့)ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်စွက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကို ၁၁-၁၀-၂၀၂၅ ရက်နေ့မှ ၂၅-၁၀-၂၀၂၅ ရက်နေ့အထိ အုပ်စုပွဲစဉ်များကို တောင်ကြီးမြို့၊ ပုသိမ်မြို့၊ ဘားအံမြို့နှင့် ပဲခူးမြို့တို့တွင် အသီးသီးကျင်းပမည်ဖြစ်ရာ ရှုံး/ထွက်ပွဲစဉ်နှင့် ဗိုလ်လုပွဲစဉ်များကို ရန်ကုန်မြို့ရှိ ပဒေသာကွင်း၊ တောင်ဒဂုံကွင်း၊ သန်လျင်ကွင်းနှင့် သုဝဏ္ဏကွင်းတို့တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး၊ ပဲခူးမြို့၌ ယှဉ်ပြိုင်ကစားမည့် အုပ်စု(ဃ)တွင် အသင်း(၃)သင်းဖြစ်သည့် ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ ပါဝင်ပြီး အုပ်ချုပ်/နည်းပြနှင့် ကစားသမား စုစုပေါင်း ၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။