အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်

နေပြည်တော်၊ ဇူလိုင် ၁၃

ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ဘောလုံး အားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန် (၄)ဇုန်ခွဲ၍ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကိုကျင်းပလျက်ရှိပြီး ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။

ဘောလုံးပြိုင်ပွဲ အုပ်စု(ဃ)၏ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်ကို ယနေ့မွန်းလွဲ (၃)နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ရာ အိမ်ရှင်ရှမ်းပြည်နယ် အသင်းသည် ဒုတိယပွဲစဥ်အဖြစ် မကွေးတိုင်းဒေသကြီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ် အသင်းမှ ကျောနံပါတ် (၉) ခွန်ဟိန်းသူအောင်က ပွဲကစားချိန် (၂၄)မိနစ်တွင် ပထမဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး မကွေးတိုင်းဒေသကြီးအသင်းကလည်း ချေပဂိုးပြန်လည်ရရှိရေးနှင့် ရှမ်းပြည်နယ် အသင်းကလည်း ထပ်မံဂိုးသွင်းယူနိုင်‌ရေးတို့အတွက် နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြ ပြီးနောက် ပြိုင်ပွဲအပြီးတွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရှမ်းပြည်နယ် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိတ်သတ် (၂၀၀၀)ဦးခန့်တို့က တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့ ဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပွဲစဉ်အဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်း နှင့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။