အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၂

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့ အထိ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ယနေ့ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် မွန်းလွဲ (၃)နာရီမှ စတင်၍ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် (၁)ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို (၁)ဂိုး၊ ဂိုး(မရှိ)ဖြင့် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဖက်စလုံး ဂိုး(မရှိ) သရေရလဒ်ဖြင့်လည်းကောင်း သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်း အသီးသီးတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲ ကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အားကစားဝါသနာရှင်များက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၃) ရက်နေ့ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် မွန်းလွဲ (၃)နာရီ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် မကွေးတိုင်း ဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူ များအနေဖြင့် အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။