![]()
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက်ပွဲစဉ်များဆက်လက်ကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များ ကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပဒုမ္မာအားကစားကွင်း၊ တောင်ဒဂုံ အားကစားကွင်း၊ သီဟဒီပအားကစားကွင်းနှင့် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ(စက်ဘီးကွင်း)တို့၌ ဆက်လက်ကျင်းပခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်ပရိတ်သတ်များ တခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြ သည်။
ယနေ့ အမျိုးသမီးဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ရှုံးထွက် ပွဲစဉ်များအဖြစ် မွန်းလွဲ ၃ နာရီမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် ရှမ်းပြည်နယ် အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဧရာဝတီတိုင်းဒေသကြီးအသင်း က ရှမ်းပြည်နယ်အသင်းကို(၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ တောင်ဒဂုံအားကစား ကွင်း တွင် ကရင်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ကရင်ပြည်နယ် အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို (၆)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ သန်လျင်မြို့နယ် သီဟဒီပ အားကစားကွင်းတွင် မွန်ပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားရာ မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို(၃)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ သင်္ဃန်းကျွန်း မြို့နယ် YTC လေ့ကျင့်ရေးကွင်း(၁)ရှိ (စက်ဘီးကွင်း)တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်း ဒေသကြီးအသင်းကို(၂)ဂိုး(၁)ဂိုးဖြင့်လည်းကောင်း အသီးသီးအကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့ကြ သည်။
အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး) ဘောလုံး ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင်ပြိုင်ပွဲ(၁)ရက်နားမည်ဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲ ပွဲစဉ် အဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့ ဆီမီးဖိုင်နယ် ပွဲစဉ်များကို မွန်းလွဲ (၃)နာရီမှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ပဒုမ္မာကွင်းတွင် ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ကရင်ပြည်နယ်အသင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTC လေ့ကျင့်ရေးကွင်း (၁)ရှိ (စက်ဘီးကွင်း)တွင် မွန်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြ မည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆိုအခမဲ့ လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။


