အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်း အသီးသီးတွင် အသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့မှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့်ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ မွန်းလွဲ(၃)နာရီမှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ချင်းပြည်နယ်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီး အသင်းက ချင်းပြည်နယ်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ပြည်ထောင်စုနယ်မြေ ‌နေပြည်တော်အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ ‌နေပြည်တော်အသင်းက ရခိုင်ပြည်နယ်အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်းတွင် တနင်္သာရီတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက တနင်္သာရီ တိုင်းဒေသကြီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့တို့တွင် ပြိုင်ပွဲ(၂)ရက်နားမည်ဖြစ်ပြီး ဇူလိုင်လ (၂၁)ရက်နေ့ မွန်းလွဲ (၃)နာရီမှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ် များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ပဒုမ္မာအားကစားကွင်းတွင် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်း၊ တောင်ဒဂုံမြို့နယ် တောင်ဒဂုံအားကစားကွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ သန်လျင်မြို့နယ် သန်လျင်အားကစားကွင်း တွင် ကရင်ပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ သင်္ဃန်းကျွန်းမြို့နယ် YTCလေ့ကျင့်ရေး ကွင်း(၁) (စက်ဘီးကွင်း)တွင် ရှမ်းပြည်နယ်အသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာ့ ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ် ဘောလုံးအားကစားသမားများစွာ ပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး ယခုကဲ့သို တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများကို အားကစားနည်းများအလိုက် ကျင်းပပြုလုပ် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။