၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော်၊ ဇူလိုင် ၁၅
မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပြန်လည်ဦးမော့ပြီး ပိုမိုတိုးတက်မြင့်မားလာစေရန် နှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများစွာပေါ်ထွက်လာစေရန် ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကိုဇူလိုင်လ (၁၁)ရက်နေ့မှ (၁၈)ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ဇုန် (၄)ဇုန်ခွဲ၍ ကျင်းပလျက်ရှိသည်။
ယနေ့မွန်းလွဲ (၃)နာရီမှ စတင်၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် ချင်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကယားပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ခုနှစ်ဂိုး၊ တစ်ဂိုးဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းတွင် ရခိုင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ကိုးဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်အားကစားကွင်းတွင် မွန်ပြည်နယ်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်၊ တစ်ဂိုးစီ သရေရလဒ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။
သက်ဆိုင်ရာဇုန်များအလိုက် အားကစားကွင်းအသီးသီးတွင် အသင်းများ၏ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့မှုများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဘောလုံးအားကစားဝါသနာရှင် ပွဲကြည့် ပရိသတ်များက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြိုင်ပွဲ(၁)ရက် နားမည်ဖြစ်ပြီး (၁၇)ရက်နေ့ မွန်းလွဲ (၃)နာရီမှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့အားကစားဥယျာဉ်ကွင်းတွင် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန် တိုင်းဒေသကြီးအသင်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် ကရင်ပြည်နယ် အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်သွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်းနှင့် ယခုလ(၂၁)ရက်နေ့မှစတင်၍ အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


