၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
တောင်ကြီးမြို့၊ စက်တင်ဘာလ ၉ ရက်
ပြည်နယ်အတွင်း အမျိုးသမီးအားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်များနှင့်အတူ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ နှင့်ခရိုင်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ(၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးသက် ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ကျောင်းသား / ကျောင်းသူများ ၊ ဖိတ်ကြားထားသူများ၊ ဆုရအသင်းများမှ အုပ်ချုပ်သူ / နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အမျိုးသမီးဘောလုံးအားကစားဝါသနာရှင်မိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။
ရှေးဦးစွာ ဆုချီးမြှင့်ခြင်းအခမ်းအနားမစတင်မီ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက မွန်းလွဲ (၁၅:၀၀)နာရီအချိန်၌ ဗိုလ်လုပွဲစဥ်အဖြစ် တောင်ကြီးခရိုင်အသင်းနှင့် တာချီလိတ်ခရိုင်အသင်းတို့၏ ယှဥ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကာ အဆိုပါပွဲစဉ်၌ တာချီလိတ်ခရိုင်အသင်းက တောင်ကြီးခရိုင်အသင်းကို (၂)ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားကာ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဂိုးအကောင်းဆုံးအားကစားသမားဆုရရှိသွားသော တောင်ကြီးခရိုင်အသင်းမှ ကျောနံပါတ်(၁၈) မအေးသန္တာအောင်ကို ရုပ်တုနှင့် ငွေသားဆု (၅)သောင်းကျပ်အား ပညာရေးဒီဂရီကောလိပ် ပါမောက္ခချုပ်ကလည်းကောင်း ၊ နောက်တန်းအကောင်းဆုံးအားကစားသမားဆုရရှိသွားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းမှ ကျောနံပါတ်(၁၅) မနန်းလုံခမ်းကို ရုပ်တုနှင့် ငွေသားဆု (၅)သောင်းကျပ်အား ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်ကလည်းကောင်း ၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုရရှိသွားသော တောင်ကြီးခရိုင်အသင်းမှ ကျောနံပါတ်(၁၁)မစန္ဒာအေးကို ရုပ်တုနှင့် ငွေသားဆု (၅)သောင်းကျပ်အား နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်က လည်းကောင်း ၊ ရှေ့တန်းအကောင်းဆုံးအားကစားသမားဆုရရှိသွားသော တာချီလိတ်ခရိုင်အသင်းမှ ကျောနံပါတ် (၉) မလင်းလက်ထွန်းကို ရုပ်တုနှင့် ငွေသားဆု(၅)သောင်းကျပ်အား ဆေးတက္ကသိုလ် ပါမောက္ခချုပ်က လည်းကောင်း ၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသွားသော တာချီလိတ်ခရိုင်အသင်းမှ ကျောနံပါတ်(၇) မချင်းချင်းကို ရုပ်တုနှင့် ငွေသားဆု (၅)သောင်းကျပ်အား တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်က လည်းကောင်း ၊ တတိယဆုရရှိသွားသော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအသင်းကို တစ်ဦးချင်းဆုတံဆိပ် နှင့်ငွေသားဆု ကျပ်(၆)သိန်းအား ပြည်နယ်ဥပဒေချုပ်ကလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော တောင်ကြီးခရိုင်အသင်းကို တစ်ဦးချင်းဆုတံဆိပ် နှင့်ငွေသားဆု ကျပ်(၈)သိန်းအား ပြည်နယ်လူမှုရေးရာဝန်ကြီးကလည်းကောင်း ၊ ပထမဆုရရှိသွားသော တာချီလိတ်ခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ် အား ပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း ၊ ငွေသားဆု ကျပ်(၁၀)သိန်းနှင့် တံခွန်စိုက်ဆုဖလားတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆက်လက်ပြီး ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမှ ပထမဆုရရှိသွားသောအသင်းအား (၅)သိန်းကျပ်၊ ဒုတိယဆုရရှိသွားသောအသင်းအား (၃)သိန်းကျပ် ၊ တတိယဆုရရှိသွားသော အသင်းအား (၂)သိန်းကျပ် စုစုပေါင်း (၁၀)သိန်းကျပ်တိတိအား ထပ်ဆောင်းချီးမြှင့်ပေးအပ်သွားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအားရိုက်ကူးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။


