အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ ခုနှစ်၊ နေပြည်တော် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော်၊ မတ် ၁၉

နေပြည်တော် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဝန်ထမ်းသားသမီးများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော နွေရာသီအားကစားသင်တန်းများဖြစ်သည့် (ဘောလုံး၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ရေကူး၊ ဝူရှူး) အားကစားနည်းများ သင်ကြားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နွေရာသီအားကစားသင်တန်းကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး လူထုအားကစားနှင့်ပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးရဲလွင်က ယနေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ နွေရာသီအားကစားသင်တန်းများကို ၁၈-၃-၂၀၂၅ ရက်နေ့မှ ၅-၄-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ (TC-3) တိုက်ကွမ်ဒိုရုံတွင် တိုက်ကွမ်ဒိုသင်တန်းသားအင်အား ၁၇၀ ဦးခန့်ကို နည်းပြ ၃ ဦးတို့ကလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းလေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် ဘောလုံးသင်တန်းသားအင်အား ၉၀ ဦးခန့်ကို နည်းပြ ၃ ဦးနှင့် ပြေးခုန်ပစ်သင်တန်းသားအင် အား ၁၀ ဦးခန့်ကို နည်းပြ ၂ ဦးတို့ကလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (Social Zone) တွင် ဝူရှူးသင်တန်းသားအင်အား ၁၅ ဦးခန့်ကို နည်းပြ ၂ ဦးတို့ကလည်းကောင်း နံနက် ၇ နာရီခွဲမှ ၉ နာရီ အချိန်အထိ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ဝဏ္ဏသိဒ္ဓိ ရေကူးကန်တွင် ရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ကို ၁၀-၃-၂၀၂၅ ရက်နေ့မှ ၄-၄-၂၀၂၅ ရက်နေ့အထိ တစ်နေ့လျင် သင်တန်းချိန်(၂)ချိန် တစ်ပတ်လျှင် ၅ ရက်ဖြင့် နံနက် ၆ နာရီခွဲမှ ၈ နာရီအချိန်အထိလည်းကောင်း၊ ၈ နာရီမှ ၉ နာရီခွဲအချိန်အထိလည်းကောင်း သင်တန်းသားအင်အား ၁၈၀ ဦးခန့်ကို နည်းပြ ၆ ဦးတို့က သင်ကြားပေးလျှက်ရှိပြီး သင်တန်းအမှတ်စဉ် (၂/၂၀၂၅) ကို ၂၈-၄-၂၀၂၅ ရက်နေ့မှ ၂၃-၅-၂၀၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီသင်တန်း ဖွင့်လှစ်ထားရှိမှုများနှင့် ပတ်သက်၍ သင်တန်းတက်ရောက်သည့် ဝန်ထမ်းမိသားစုများ၏ သဘောထားမှတ်ချက်စစ်တမ်းကို အားကစားစီမံကိန်းနှင့် သုတေသနဌာနခွဲမှ ကောက်ယူပြုစု၍ အားသာချက်၊ အားနည်းချက်များကို ဌာနအကြီးအကဲများထံသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။