အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၅ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား (၂၁.၅.၂၀၂၅)ရက်နေ့ ညနေ (၁၅:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးနေဝင်းအောင် ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးစိုးလင်း နှင့် ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ပထမဦးစွာ ပြိုင်ပွဲဝင်အသင်းများမှအားကစားသမားများက အားကစားကွင်းအတွင်း၌နေရာယူခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအား စစ်ကြောင်းမှူးမှ ဦးဆောင်၍ အလေးပြုတန်းအပ်ကာ ပြည်နယ်ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲကျင်းပပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး ၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး ၊ အားကစားသမားအချင်းချင်း ချစ်ခင်စည်းလုံးညီညွှတ်မှုရရှိကာကျန်းမာကြံ့ခိုင်သောလူငယ်များအဖြစ် ပြည်နယ်၏အားကစားကဏ္ဍတိုးတက်လာစေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ်အားကစားများပေါ်ထွက်လာစေလိုတဲ့အတွက်ကြောင့်ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း ၊ ဘောလုံးအားကစားနည်းဟာဆိုရင် ကမ္ဘာတစ်ဝှမ်းလုံးမှ အထူးစိတ်ဝင်စားသော အားကစားနည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ National Game အဖြစ် သတ်မှတ်ထားတဲ့ကစားနည်းဖြစ်ပါကြောင်း ၊ မြန်မာ့ဘောလုံးသမိုင်းကို ကြည့်မယ်ဆိုလျှင်တစ်ချိန်က အရှေ့တောင်အာရှနဲ့ အာရှတစ်လွှားမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့ပြီး ဘောလုံးရွှေခေတ်တစ်ခေတ်ကို ပိုင်ဆိုင်ခဲ့တာအားလုံးအသိဘဲဖြစ်ပါကြောင်း ၊ အာရှချန်ပီယံ (၂)ကြိမ်နဲ့ အရှေ့တောင်အာရှချန်ပီယံဖြစ်ခဲ့ခြင်းက မြန်မာ့ဘောလုံးအသင်းရဲ့ အောင်မြင်မှုမှတ်တိုင်အဖြစ်သက်သေထူနိုင်ခဲ့ပါကြောင်း ၊ ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲမှာရှမ်းပြည်နယ်အသင်းအနေနဲ့ ရရှိခဲ့တဲ့ ပထမဦးဆုံးချန်ပီယံဆုအပါအဝင် ၁၉၉၃ ခုနှစ်အထိ စုစုပေါင်း(၁၁)ကြိမ်အထိ ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့ပါကြောင်း ၊ ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ စတင်ကျင်းပတဲ့ FIFA MFF U15 FOOTBALL LEAGUE နဲ့ ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ကျင်းပခဲ့တဲ့ MFF U17 LEAGUE တွေမှာ ရှမ်းပြည်နယ်ကိုယ်စားပြုအသင်းတွေကသာ ချန်ပီယံဆုရရှိခဲ့တာကိုကြည့်ရင် ရှမ်းပြည်နယ်ရဲ့ ဘောလုံးအဆင့်အတန်းမြင့်မားမှုကို သုံးသပ်တွေ့ရှိရမှာဖြစ်ပါကြောင်း ၊ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနဲ့အညီမြန်မာ့ဘောလုံးအားကစား ပြန်လည်ဦးမော့လာစေရေးကိုအရေးကြီးတာဝန်တစ်ရပ်အဖြစ်ခံယူပြီးအောင်နိုင်ရေးစီမံချက်များ ရေးဆွဲကာအလေးအနက်ထားဆောင်ရွက်နေပါကြောင်း ၊ အားကစားသမားများအနေနဲ့ အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်တည်ဆောက်နေခြင်းဖြစ်ပါကြောင်း ၊ အားကစားအောင်မြင်မှုသည် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းကိုရောင်ပြန်ဟပ်စေမှာဖြစ်ပါကြောင်း ၊ အားကစားအဆင့်အတန်းမြင့်မားခြင်းသည် နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာအဆင့်အတန်းနှင့် အခြေအနေကိုဖော်ပြနေပါကြောင်း ၊ ထိုအချက်များသည် အားကစားတိုးတက်မြင့်မားရေးဆိုင်ရာခံယူချက်များကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ၊ အားကစားဝါသနာရှင်မိဘပြည်သူများရဲ့ ကူညီထောက်ပံ့မှုတို့အပြင် အဓိကကျတဲ့ အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများရဲ့ ခံယူချက်မှန်ကန်ဖို့နဲ့ ဇွဲ ၊ စိတ်ဓာတ်ကိုအရင်းခံပြီး ကြိုးပမ်းအားထုတ်မှု ထက်မြက်နေဖို့ အထူးလိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသွားကာ ဆက်လက်ပြီးပြိုင်ပွဲဝင်အသင်းများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို သံပြိုင်ရွတ်ဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။ ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကာ ဖွင့်ပွဲ ပွဲစဥ်အဖြစ် ဖယ်ခုံမြို့နယ်အသင်း နှင့် တောင်ကြီးမြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှု့အားပေးခဲ့ကြောင်း သိရှိခဲ့ရပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို (၂၁.၅.၂၀၂၅)ရက်နေ့မှ (၃၀.၅.၂၀၂၅)ရက်နေ့ထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၂၄)သင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားစုစုပေါင်း(၄၈၀)ဦးဖြင့် အုပ်စုများခွဲကာ ပြည်နယ်အားကစားကွင်း၌ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရှိရကာ တောင်ကြီးမြို့နယ်အတွင်းရှိ ဘောလုံးအားကစားဝါသနာရှင်များ မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း သိရှိခဲ့ရပါသည်။