![]()
၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၊ အောက်တိုဘာလ (၁)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသင်းအုပ်ချုပ်သူများ ပေါင်းစပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက သုဝဏ္ဏလေးထပ်ဆောင်ရှိ စားရိပ်သာ၌ ကျင်းပရာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေး နှင့်လေ့ကျင့်ရေးဌာနခွဲ (၁)ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင် ၊ စီမံကိန်းနှင့် သုတေသန ဌာနခွဲ မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက် နှင့်စနူကာ အဖွဲ့ချုပ်မှ အမှုဆောင်များ ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းအုပ်ချုပ်သူ များနှင့် နည်းပြများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်း အုပ်ချုပ်သူများက အသီးသီးမိတ်ဆက်ပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အမှာစကားပြောကြားရာတွင် ယခုကျင်းပမည့် ပြိုင်ပွဲအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးကို ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းနှင့်ပတ်သက်၍ (၂)လကြိုတင်၍ ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းနှင့် မကိုက်ညီသော အားကစားသမားများအား ခေါ်ဆောင်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များကိုလည်း ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် တစ်ဦးချင်းပြိုင်ပွဲနှင့် အသင်းလိုက်(၂)ယောက်တွဲပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ကျား(၁၄)သင်း ၊ အုပ်ချုပ်/နည်းပြ အားကစားသမားစုစုပေါင်း (၁၆၉)ဦးခန့် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်စဉ် ကာလနှင့် တည်းခိုနေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူးက ပြိုင်ပွဲကျင်းပရေး ဆိုင်ရာကိစ္စရပ်များ၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ၊ တည်းခိုနေထိုင်ရေးနှင့် စားသောက်မှု ကိစ္စရပ် များကိုလည်းကောင်း၊ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာ အဖွဲ့ချုပ်မှ ပြိုင်ပွဲဆိုင်ရာကိစ္စရပ်များ၊ ဒိုင်လူကြီးဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ စီမံကိန်းနှင့်သုတေသနဌာနခွဲမှ တာဝန်ရှိသူက အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ပေးပို့ရမည့် အချက်အလက်များအား အချိန်မီပေးပို့နိုင်ရေးကိစ္စရပ်များ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှအသင်းအုပ်ချုပ်သူများ၊ ဆေးဘက်ဆိုင်ရာဌာနခွဲ၊ ကွင်း/ရုံဌာနခွဲ၊ မော်တော်ယာဉ်ဌာနစုနှင့် စားရိပ်သာတို့မှတာဝန်ရှိသူများက ပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား အသီးသီး တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။


