အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၉ ။

မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ဘောလုံး (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို(၂)ဂိုး၊ ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ရှမ်းပြည်နယ်အသင်းနှင့် ကရင်ပြည်နယ် အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို (၄) ဂိုး (၁)ဂိုးဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ် အောက် ဘောလုံး (အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။