အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စု(ခ)တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက အုပ်စုပထမနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်

နေပြည်တော်၊ ဇူလိုင် ၃၁ ။

မျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ(၃)နာရီတွင် ပေါင်းလောင်းအားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ ဘောလုံး (အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက စစ်ကိုင်း တိုင်းဒေသကြီးအသင်းကို (၄)ဂိုး၊ ဂိုးမရှိဖြင့်လည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် ချင်းပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ချင်းပြည်နယ်အသင်းက ရခိုင် ပြည်နယ်အသင်းကို (၃)ဂိုး (၂)ဂိုးဖြင့် အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး အုပ်စု(ခ)တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက အုပ်စုပထမနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက အုပ်စုဒုတိယဖြင့် ကွာတားဖိုင်နယ်သို့ အသီးသီး တက်ရောက်ခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ် အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်းတွင် ကယားပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် မကွေးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်းသိရသည်။